Thursday, June 29, 2017

site engineer လက်စွဲ အပိုင်း(၁)

site engineer လက်စွဲ အပိုင်း(၁)



Material strengths အကြောင်းတွေကိုပြောမယ်ဆိုရင် ၂ ခုရှိပါတယ်။ ကွန်ကရစ်နဲ့သံချောင်းပါ ။

ကွန်ကရစ်က compression memeber ဖြစ်လို့ compressive strength ကိုသုံးပါတယ်။ အတိကျပြောရင် f'c ပါ။ fc ဆိုတာ ကွန်ကရစ်ခံစားနေရတဲ့ compressive strength ကိုပြောတာဖြစ်ပြီး f'c ကတော့ ကွန်ကရစ်အမြင့်ဆုံးခံနိုင်တဲ့ ultimate compressive strength ပါ ။

ဒီထက်ရှင်းအောင်ပြောရင် လူတစ်ယောက် ဆန်သုံးအိတ်ထမ်းနိုင်တာ တစ်အိတ်ပဲထမ်းတယ်ဆိုရင် fc ဖြစ်ပြီး သူထမ်းနိုင်တဲ့ ၃ အိတ်ဆိုတာ သူ့အတွက် f'c ပါ။

ဒါကို test လုပ်ဖို့ဆိုရင် Testing material တွေလိုပါတယ်။ concrete making and curing အတွက်ဆိုရင် ASTM ကသတ်မှတ်ထားတဲ့ ASTM C31 ဖြစ်ပြီး slump ကတော့ ASTM C143 ပါ။ တစ်​မျိုးနဲ့တစ်​မျိုးtest လုပ်တာမတူမှာစိုးလို့ တစ်ခုကို စံအဖြစ် ယူလိုက်တဲ့သဘောပါ။ ကိုယ့်သဘောနဲ့ကိုယ် ဘာမှပြင်လို့မရပါဘူး။

ဒီဇိုင်းမှာသုံးမယ့်​ concete တွေကိုလည်း ခံနိုင်အားရှိမရှိဆိုတဲ့ ပမာဏတွေကို standard တစ်ခုထားပြီး test လုပ်ပြီးရလာတဲ့ result တွေနဲ့အခြေခံပါတယ်။ ဆိုလိုတာက material strength ရဲ့  တန်ဖိုးကို standard test result က ရလာတဲ့ဟာပဲ ဒီဇိုင်းမှာသုံးတယ်။ ကိုယ့်သဘောနဲ့ကိုယ် test တွေလျှောက်လုပ်ပြီး ရလာတာတွေမသုံးဘူး။

Concrete နဲ့ပတ်သတ်ရင် မြန်မာပြည်မှာ တော်တော်များများက ACI ပေါ်မှာအခြေခံတာပါ။ ACI ရဲ့  အရှည်ကောက်က American Concrete Institute လို့ခေါ်ပါတယ်။ ကျောင်းသင်ရိုးညွှန်းတန်း​​တွေကစ အကုန်လုံး ဒီအောက်မှာပဲရှိပါတယ်။ နောက်ထပ်ကုတ်တစ်ခုက Eurocode ပါ။ ဒါကို EC 2 လို့လည်းခေါ်ပါတယ်။ သူ့ရဲ့  အားသာချက်က detailing တွေမှာ ရှင်းတယ်။ detailing ဆိုတာကတော့ ဘာတွေကို ဘယ်လိုလုပ်လို့ ရှင်းပြတာပါပဲ။ မြန်မာပြည်ရဲ့  တချို့  project တွေမှာတော့ EC 2 ကိုလက်မခံပါဘူး။

ACI ရဲ့  design မှာသုံးတဲ့ strength ဟာ cylinder strength ပါ။ ဒါဘာသဘောလည်းဆိုရင် ကွန်ကရစ်ကို cylinder ပုံစံ စမ်းပြီးမှ ထွက်လာတဲ့ result ။ မြန်မာပြည်မှာက concrete ကို cube strength နဲ့ ရောင်းပါတယ်။ ဒါကြောင့် ဒီဇိုင်းမှာသုံးဖို့ဆိုရင် cube strength ကို cylinder strength ပြောင်းရပါမယ်။

ဒါကြောင့်ကျောင်းစာထဲမှာ တွက်နေတဲ့ f'c = 2500 psi စသဖြင့် တန်ဖိုးတွေဟာ အပြင်မှာ cube test result နဲ့ ရောင်းပြီးရလာတာကိုမှ cylinder strength ပြန်ပြောင်းရမှာပါ။

CQHP guidelines အရဆိုရင် cube နဲ့ cylinder ရဲ့  ခြားနားချက်တွေဟာ concrete grade အပေါ်မှာမူတည်ပြီး အပြောင်းအလဲရှိပါတယ်။ 3500 psi ထက်ငယ်ရင်တမျိုး၊ 3500 နဲ့ 5000 psi ကြားဆိုရင်တမျိုး၊ 5000 နဲ့ 6000 psi ကြားဆိုရင်တမျိုး၊ 6000 psi ထက်ကြီးရင်တမျိုး စသဖြင့် ခြားနားခြင်းတွေကလည် ကွာပါတယ်။

အပြင်မှာ ကွန်ကရစ်မှာရင် G25 G30 G35 စသဖြင့်အမျိုးအမျိုးရှိပါတယ်။ တချို့  တွေကလည်း M နဲ့ရေးကြတယ် ။ G25 ဆိုရင် Grade 25, ကွန်ကရစ်ခံနိုင်အားက 25 MPa ရှိပါတယ်။

ဒါကို MPa ကနေ psi ကိုပြောင်းချင်ရင် 145 နဲ့ မြှောက်ရပါမယ်။ ဒါက စက်ရုံကိုမှာတဲ့ ကွန်ကရစ် grade ဖြစ်ပြီး ဒီဇိုင်းမှာသုံးရမယ့်​ဟာမဟုတ်ဘူး။

ကယ်ကောင်းပါပြီ G25 က f'c (cube) ဖြစ်နေတော့ f'c(cylinder) တော့ပြောင်းလိုက်ပါပြီ ၊ ဒီတော့ ဒါကို ဒီဇိုင်းမှာ တခါထည်း ထည့်တွက်လို့ရပြီလား ဆိုတော့လည်း မရသေးဘူးလို့ပြောရမယ်။

ဟုတ်ပါတယ် ။ ကိုယ်က G25 လို့မှာလိုက်ပေမယ့်​ G25ြွှ့ပည့်မီကြောင်း ဘယ်သူက အာမခံမှာလည်း ။ sample တွေအမျိုးအမျိုးယူ ခန့်မှန်းခြေ အခု ၂၀ ၃၀ လောက်ကိုယူပြီး test လုပ်၊ ၇ ရက်မှာ တခါခွဲ ၊ ၂၈ ရက်မှာတခါခွဲ၊ အားလုံးပြီးရင် standard deviation တွေရှာပါတယ်။ ပြီးမှ ကိုယ်တကယ် actual ရ နိုင်တဲ့ compressive strength ရဲ့  တန်ဖိုးကိုပြန်ယူပြီး designer က နောက်တခါ ပြန် check ရတယ်။ reverse calucation ပါ။

ဒါကြောင့် ဒီအဆင့်တွေမှာ မအောင်ခဲ့ရင် အကုန်ပြသနာတွေ တက်ကုန်မှာစိုးလို့ slump test ဆိုတာဖြစ်လာတာပါ။ slump က မလောင်းခင် စမ်းရတာဆိုတော့ ချက်ချင်းသိတယ်။ slump မအောင်ရင် compessive လည်း အောင်ဖို့ အခွင့်အလမ်းနဲသွားတယ်လို့ ပြောရမယ်ထင်တယ်။ တချို့  တိုက်တွေမှာဆိုရင် အခြေနေသိပ်မကောင်းတော့လို့ ၁၀ ထပ်ကနေ ၇ ထပ်တို့ ၈ ထပ်တို့ ပြောင်းလိုက်ရတာတွေရှိတယ်။

သက်ဆိုင်ရာ CQHP ရဲ့  cube , cylinder ဆက်သွယ်ချက်ကို ပုံတင်ပေးထားပါတယ်။ အပြည့်စုံရေးရမယ်ဆိုရင်တော့ Concrete Quality Control ပါ ပါရတော့မယ်။ ကျတော်နောက်ပိုင်းရေးမှာဖြစ်လို့ ကွန်ကရစ်ကိုတော့ ချန်ခဲ့ပါမယ်။

သံချောင်းကတော့ရှင်းပါတယ်။ စက်ရုံကနေ တခါထဲ လုပ်ခဲ့တာဖြစ်လို့ test ကို ကွန်ကရစ်လို ပြန်စစ်စရာမလိုတော့ဘူး။ ဈေးကွက်ထဲမှာ ညံ့လို့ ပြန်စစ်တာတွေတော့ ရှိတာပေါ့လေ။

သံချောင်းမှာ fy ကိုသုံးပါတယ်။ fy ဆိုတာ yield strength ပါ။ design မှာသုံးပါတယ်။ တခြားအရေးကြီးတာတွေက f ult (tensile stength) ပါ။ သူက steel elongation တွေတိုင်းတဲ့နေရာတွေမှာ အသုံးများတယ်။ seismic လို လုံးဝ အပြုတ်ချမဲ့ design calucation တွေပေါ့။

ဟိုးအရင်တုန်းကတော့ ကျတော်တို့က plain bar ကိုသုံးကြတာပါပဲ။ သူ့ရဲ့  အားနည်းချက်က အရစ်မပါတော့ ကွန်ကရစ်နဲ့ bond မရှိဘူး။ အစွန်းတွေမှာ anchorage ထားပေးရတယ်။ သိပ်မသုံးတော့ပါဘူး။ အခုသုံးနေကြတာကတော့ deformed bar ပါ။ သူက အရစ်ပါတယ်။ လုံးဝကို အလျှားတိုမှသာ hook ကိုသုံးတာပါ။ ပုံမှန်ဆိုရင်တော့ မလိုဘူး။ ဒါလည်း လိုမလိုဆိုတာကို development length နဲ့ တွက်လို့ရတယ်။ ကိစ္စမရှိဘူး။

ပြသနာက ကျောင်းတွေမှာတုန်းက သင်ခဲ့တာက bar No.8 တို့ No.11 တို့စသဖြင့်ပါ။ အပြင်မှာသုံးတာကျတော့ အကုန် mm တွေဖြစ်ကုန်တော့ မျက်စိတွေလည်ကုန်ပါတယ်။ bar No.8 ရဲ့  diameter ကို လက်မ လိုချင်ရင်တော့ ၈ ကို ၈ နဲ့ စားလိုက်ရုံပဲ။ ဒါကြောင့် bar no.8 ဆိုတာ တစ်ကျပ်လုံးပါ။ တစ်လက်မ dia ပေါ့။

No.4 bar ဆိုရင် ၈ နဲ့စားလိုက်တော့ 0.5 ပါ။ ဒါကြောင့် လက်မ၀က် ငါးမူးလုံး လို့ခေါ်တယ်။ ကျောင်းမှာတုန်းက ကိုယ်က လုပ်ငန်းအတွေ့ ကြုံမရှိတော့ No.8 bar ဆိုတာ ဘယ်လောက်ကြီးမှန်းမသိဘူး။ ဟုတ်ပါတယ်။ ကျောင်းက ပုဒ်စာတွေက တကယ့်ကို super heavy load တွေနဲ့ တွက်ရတဲ့ ပုဒ်စာတွေပါ။ ဆယ်ထပ်တိုက်ရဲ့  အောက်ဆုံးအထပ် column တိုင်တို့ စသဖြင့် တကယ့်ကို heavy load တွေနဲ့ တွက်ခဲ့ရတာပါ။

ကျတော်တို့ရဲ့  Local မှာအများစု ရနိုင်တာက ASTM A615 , Grade 40 ဆိုရင်တော့ fy= 40 ksi fu=60 ksi ရှိပါတယ်။

Aung Hla Min Naing
Lashio Technological University

0 comments:

Post a Comment

Disqus Shortname

Comments system