CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Showing posts with label လမ်း. Show all posts

Friday, January 30, 2015

ကတ္တရာလမ်းကောင်းတစ်ခုမှာ ရှိသင့်တဲ့ အရည်အသွေးများ (၂)

ကတ္တရာလမ်းတွေဟာ Fatigue လို့ခေါ်တဲ့ နှစ်ရှည်လများ ၀န်အလေးချိန်သက်ရောက်မှုဒဏ်ကို ခံနိုင်ရမယ်။ ကတ္တရာလမ်းတွေကို Flexible pavement လို့ ခေါ်တယ်။ ကွန်ကရစ်တွေလို မဟုတ်ပဲ ကတ္တရာလမ်းတွေက flexible ဖြစ်တယ်။ လမ်းပေါ်ကို သက်ရောက်လာတဲ့ ၀န်အလေးချိန်ကို အောက်ခံအလွှာတွေနဲ့ မျှတတောင့်ခံပေးတယ်။ ဒါကြောင့် ကတ္တရာ Mix Design လုပ်သူတွေဟာ နှစ်ရှည်လများ ၀န်အလေးချိန်ကို ခံနိုင်ဖို့ သင့်တော်တဲ့ ကတ္တရာကို သုံးရတယ်။ ကတ္တရာဟာ အရမ်း ပျော့လွန်းရင် အပိုင်း (၁) မှာ ဖော်ပြခဲ့သလို stability ကောင်းမှာမဟုတ်ဘူး။ မာလွန်ပြန်ရင်လည်း လမ်းကွဲအက်တတ်တယ်။ ကြားဖြေတစ်ခုကို ညှိယူရတယ်။ ဒါကိုသိဖို့ material science နဲ့ ကတ္တရာလမ်းသဘောသဘာဝတွေကို နားလည်ဖို့၊ ဒေသခံကျောက်တွေကို နားလည်ဖို့လိုတယ်။

နောက်တစ်ခု သတိထားရတာက ရာသီဥတု။ ကတ္တရာဟာ အပူပြင်းရင် ပျော့ပြီး၊ အေးရင်မာမယ်။ ဒါကြောင့် ဆောင်းရာသီနဲ့ နွေရာသီ၊ မိုးရာသီ ရာသီဥတုတိုင်းမှာ ခံနိုင်တဲ့ ကတ္တရာကို ရွေးတတ်ရတယ်။ ဥပမာ၊ အမေရိကန်ပြည်ထောင်စုက ပြည်နယ်အတော်များများဟာ ဆောင်းကျရင် မတရားအေးတယ်။ အေးတော့ ကတ္တရာက contract (ကျုံ့) ဖြစ်တယ်။ ဒါကြောင့် thermal cracking တွေ ထွက်လာတတ်တယ်။ ဒါကြောင့် ကတ္တရာလမ်းတွေဟာ ကျုံ့ချည်၊ ဆန့်ချည်နိုင်စွမ်းရှိတဲ့ elasticity စွမ်းရည်လည်း အတိုင်းအတာတစ်ခုအထိ ရှိနေဖို့ လိုအပ်တယ်။

နောက်တစ်ချက်က ရေရှည်တည်တံနိုင်မှု။ မြန်မာပြည်မှာ AC ကတ္တရာ mixture တွေကို အသုံးပြုမှုနည်းသေးတော့ အများစုက AC ဒီဇိုင်းတွေကို မကျွမ်းကျင်ကြသေးဘူး။ ဒါကြောင့်လည်း ကတ္တရာလမ်းတွေဟာ ရေရှည်မခံဘူး ဖြစ်နေတာ။ ကတ္တရာလမ်းမှာပါဝင်တဲ့ ကျောက်နဲ့ ကတ္တရာရည်အချိုးအစားဟာ သင့်တင့်မျှတဖို့လိုတယ်လို့ အပိုင်း (၁) မှာ ရေးခဲ့တယ်။ ကတ္တရာအချိုးအစားကို မျှမျှတတ တွက်ချက်ပြီး သုံးလိုက်တယ် ထားအုံး၊ အဲဒီ သုံးလိုက်တဲ့ အချိုးအစားဟာ uniform မဖြစ်ရင် ပိုက်ဆံကုန်ရကျိုးမနပ်ပေဘူး။ ဥပမာ ဟိုနေရာမှာ ကတ္တရာများပြီး၊ ဒီနေရာမှာ ကတ္တရာနည်းသွားရင် လမ်းဟာ uniform pavement ဖြစ်မလာဘူး။ ကတ္တရာများတဲ့ နေရာမှာ hydroplaning ဖြစ်ပြီး လူ့အသက်ပါဆုံးရှုံးနိုင်တဲ့ accident ဖြစ်တတ်တယ်။ ဒါဆိုရင် ရေရှည်ခံအောင် ကတ္တရာလမ်းကို ဘယ်လိုတည်ဆောက်မလဲ။

တည်ဆောက်နိုင်တဲ့ တစ်ချက်က ကျောက်မျက်နှာပြင်ကို ကတ္တရာရည် ရောက်ဖို့လိုတယ်။ အနေတော် film thickness ရှိဖို့ လိုတယ်။ ဒီအချက်နဲ့ပတ်သက်ပြီးတော့ အသေးစိတ်ရှင်းပြစရာတွေ ရှိတယ်။ ဒီပို့စ်မှာတော့ ရှည်မှာစိုးလို့ နောက်မှပဲ ပြောပါတော့မယ်။ လောလောဆယ် အနေတော် ကတ္တရာအသားလေး ကျောက်မျက်နှာပေါ်မှာ ရှိရမယ်လို့ပဲ မှတ်လိုက်ပါ။ အနေတော်ရှိမှ ကျောက်လေးတွေက ယာဉ်အသွား ၀ိတ်ဖိမှုကြောင့် စင်ထွက်မသွားပဲ နဂိုအတိုင်းတည်ရှိနေမှာ ဖြစ်တယ်။ တဖြည်းဖြည်း စင်ထွက်နေရင် လမ်းက တာရှည်မခံပဲ အပေါက်တွေနဲ့ မိုးရွာသီမှာ ပွက်အိုင်တွေ ဖြစ်လာလိမ့်မယ်။ စင်ထွက်သွားအောင်ထိ ကတ္တရာမနည်းလွန်းဘူး၊ ဒါပေမယ့် ကျောက်မျက်နှာပြင်အားလုံးကိုလည်း ကတ္တရာမရောက်ဘူးဆိုရင် ရေတွေ စီးဝင်ပြီး oxidize ဖြစ်ဖို့ အားပေးတယ်။ တနည်းအားဖြင့် ကတ္တရာသားဟာ ဆတ်လာပြီး လမ်းပျက်စီးမှုကို မြန်စေတယ်။

ရေရှည်ခံနိုင်အောင် လုပ်နိုင်တဲ့ နောက်တစ်ချက်ကတော့ AC mixture ထဲက လေပေါက်လေးတွေကို ထိန်းသိမ်းခြင်းပါ။ ဒါက အနုစိတ်လေးဆန်သလို သိပ္ပံနည်းကျရှည်ရှည်လျားလျား ပြောနေရပါလိမ့်မယ်။ လမ်းကြိတ်စက် ရှုဒေါင့်ကပဲ အကြမ်းရှင်းပြရမယ်။ လမ်းခင်းတဲ့အခါ လမ်းကြိတ်စက်ကို ဘာကြောင့်သုံးလဲ။ ကျောက်ထည်ကို ပိုကျစ်အောင် ကြိတ်တယ်။ တစ်နည်းအားဖြင့် ကျောက်တုံးကြားတွေထဲက လေထုကို လျော့အောင် လုပ်တာပဲ။ AC လမ်းတွေခင်းတဲ့အခါ သင့်တော်တဲ့ သိပ်သည်းဆရအောင် လမ်းကြိတ်စက်အမျိုးမျိုးသုံးပြီး ကြိတ်ရတယ်။ အကြိတ်နည်းရင် လေခိုမယ်။ လေခိုပေါက်ကို မိုးရွာရင်၊ နှင်းကျရင် ရေတွေဝင်မယ်။ လမ်းအရင် ပျက်စီးတတ်တယ်။ အဲဒီလိုပဲ အကြိတ်များရင်လည်း လမ်းရဲ့ ကိုယ်ထည်ကို ဖျက်စီးပလိုက်သလိုဖြစ်သွားလို့ ဂရုစိုက်ရမယ်။ ကတ္တရာလမ်းက flexible ဖြစ်တယ်လို့ ပြောတာ လေပေါက်လေးတွေကို ထိန်းသိမ်းထားလို့။ အကြိတ်များသွားရင် flexible မဖြစ်တော့ပဲ ကတ္တရာဟာလည်း ရာသီဥတု၊ အပူချိန်ကို လိုက်ပြီး elastic မဖြစ်တော့ဘူး။ ဒါဆိုရင် လမ်းလည်း ရေရှည်မခံနိုင်တော့ဘူးပေါ့။

ဆက်ရန်…

Advanced Engineering
Photo: ကတ္တရာလမ်းကောင်းတစ်ခုမှာ ရှိသင့်တဲ့ အရည်အသွေးများ (၂)

ကတ္တရာလမ်းကောင်းတစ်ခုမှာ ရှိသင့်တဲ့ အရည်အသွေးများ (၁)

ကတ္တရာလမ်းတစ်ခုဟာ ကွဲအက်ခြင်း၊ ပုံပျက်ခြင်း မရှိပဲ အချိန်ကာလတစ်ခုအထိ တာရှည်ရမယ်။ ရေတိုက်စားမှုဒဏ်၊ စိုထိုင်းဆစိမ့်ဝင်မှုဒဏ်တွေကို တောင့်ခံနိုင်ပြီး ကျောက်သားပေါ်က ကတ္တရာ ကွာကျတာမျိုး မရှိသင့်ဘူး။ မျက်နှာပြင်ဟာ အလွန်တရာချောနေခြင်းမရှိပဲ ကားဘီးနဲ့ သဟာဇာတ ဖြစ်နေရမယ်။ ဈေးသက်သက်သာသာနဲ့ အလွယ်တကူ ခင်းနိုင်ရမယ်။ အဲဒီအချက်အလက်တွေကို ပြည့်စုံနိုင်ဖို့ ကတ္တရာရဲ့ Mix Design ကို သေချာနားလည်ရမယ်။ ကွန်ကရစ်မှာ water cement ratio အရေးကြီးသလို ကတ္တရာဒီဇိုင်းမှာလည်း ကတ္တရာပမဏနဲ့ ကျောက်ပမာဏ၊ ကျောက်အရွယ်အစားတွေက အရေးကြီးတယ်။

ပထမတစ်ချက်အနေနဲ့ ကတ္တရာလမ်းတွေမှာ ရှိသင့်တဲ့ stability အရည်အသွေးကို ကြည့်ကြမယ်။ ကတ္တရာလမ်းတစ်ခုဟာ ခိုင်မာတည်ငြိမ်ပြီး အန္တရာယ်ကင်းကင်းသွားလာနိုင်တဲ့ လမ်းတစ်ခုဖြစ်ဖို့လိုတယ်။ အဲဒီအရည်အသွေးကို ပြည့်မှီဖို့ ...

၁။ ကျောက်မျက်နှာပြင်နဲ့ ကျောက်အား -
ကျောက်လေးတွေရဲ့ ပုံစံနဲ့ မျက်နှာပြင်ကြမ်းတမ်းမှုတွေကို ကြည့်ရမယ်။ ကျောက်ဟာ လုံးဝိုင်းနေရင် ကျောက်အချင်းချင်း ကျားကန်ပေးမှု အားနည်းပြီး အပေါ်က ယာဉ်အသွားမှာ ရွေ့သွားနိုင်တယ်။ ဒါကြောင့် ကျောက်လေးတွေဟာ လုံးဝိုင်းမနေသင့်ပဲ angular ဖြစ်နေဖို့ လိုတယ်။ ကျောက်လေးတွေဟာ ချောနေရင်လည်း ကျောက်အချင်းချင်းကျားကန်ပေးမှု အားနည်းပြီး လမ်းမှာ ရှိသင့်တဲ့ friction value နိမ့်နေရင်လည်း ယာဉ်မောင်းတွေအတွက် အန္တရာယ်ရှိနိုင်တယ်။ နောက်တစ်ချက်က ကျောက်ပျော့မှု။ ကျောက်ဟာ ကြွပ်ဆတ်နေရင် အပေါ်က ၀န်ဖိအားကို မခံနိုင်တဲ့အတွက် အဲဒီလမ်းဟာလည်း ရေရှည်မခံနိုင်ဘူး။

၂။ ကျောက်စီမှု -
နိုင်ငံတကာမှာ လမ်းခင်းရင် သက်ဆိုင်ရာ အေဂျင်စီတွေက ကတ္တရာလမ်းဒီဇိုင်းမှာ ပါဝင်သင့်တဲ့ ကျောက်အရွယ်အစားတွေကို သတ်မှတ်ထားတာရှိတယ်။ ဒီဇိုင်းကို လိုက်ပြီး နံပါတ် ၄ က ဘယ်လောက်ကနေ ဘယ်လောက်ကြားရှိရမယ်၊ နံပါတ် ၈ က ဘယ်လောက် အနည်းဆုံး ရှိရမယ်၊ အနုတ် ၂၀၀ အရွယ် အမှုန်လေးတွေက ဘယ်လောက်ထက် ပိုမရှိသင့်ဘူး စသဖြင့် sieve size ကို လိုက်ပြီး သတ်မှတ်ထားတယ်။ တကယ်လို့ ကျောက်ငယ်နဲ့သဲ (fine) အရေအတွက် များသွားရင် ဒီဇိုင်းအထည်ဟာ တောင့်တင်းမှုမရှိနိုင်ဘူး။ ဒါကြောင့် ဒီဇိုင်းမှာ ပါဝင်သင့်တဲ့ ကျောက်အရွယ်အစားတွေကို သေချာသိထားပြီး စနစ်တကျ ကျောက်စီမှုကို ပြုရတယ်။

၃။ ကတ္တရာရည် ပါဝင်မှု -
လိုအပ်တာထက် ကတ္တရာရည် များသွားပြန်ရင်လည်း ကတ္တရာဟာ ချောဆီလို ပြုမူသွားပြီး ၀န်အဖိမှာ ရွေလျားပြီး မတည်ငြိမ်နိုင်ဘူး။

၎။ အပူပြင်းချိန်နဲ့ ကတ္တရာရဲ့ Viscosity -
Viscosity ဆိုတာ resistance to flow။ ရွေလျားမှုကို ကန့်သတ်မှု။ ကတ္တရာဟာ အပူချိန်ကိုလိုက်ပြီး သူရဲ့ပရော်ပါတီတွေက ပြောင်းလဲတယ်။ အပူနိမ့်မှာ အခဲသဏ္ဍန်ကို ဆောင်သလို အပူပြင်းချိန်မှာ အရည်သဏ္ဍန်တုန့်ပြန်တတ်ပြန်တယ်။ နွေရာသီပူပြင်းချိန်မှာ viscosity ဟာ အနိမ့်ဆုံး ရှိတတ်တယ်။ ဒါကြောင့် ၀န်အဖိမှာ တည်ငြိမ်မှုမရှိပဲ လမ်းပိန်မှုတွေ ဖြစ်တတ်တယ်။ ဒါကြောင့် သုံးစွဲတဲ့ ကတ္တရာအမျိုးအစားကို ချင့်ချိန်ပြီး နွေရာသီအပူပြင်းချိန်မှာ ခံနိုင်တဲ့ အမျိုးအစားကို သုံးစွဲသင့်တယ်။

ဆက်ရန် ...

Photo: ကတ္တရာလမ်းကောင်းတစ်ခုမှာ ရှိသင့်တဲ့ အရည်အသွေးများ (၁)

Disqus Shortname

Comments system