Friday, November 28, 2014

Excavation လုပ်ငန်းတွေမှာ Ground settlement monitoring ကို ဆောင်ရွက်နိုင်မယ့် ရိုးရှင်းသော နည်းလမ်းတခုကို အကြံပြု ခြင်း ..။


Excavation လုပ်ငန်းတွေမှာ Ground settlement monitoring ကို ဆောင်ရွက်နိုင်မယ့် ရိုးရှင်းသော နည်းလမ်းတခုကို အကြံပြု ခြင်း ..။

သည်ပို့စ်ကို အပိုင်း ၃ ပိုင်း ရေးပါမယ်။

အပိုင်း ၁။ မြန်မာကုဒ်မှာပါတဲ့ Geotechnical Instrumentation အပိုင်းအပေါ် တဦးတည်း အမြင်

အပိုင်း ၂။ Ground Settlement monitoring လိုအပ်ရသည့် အကြောင်းရင်းအချို့

အပိုင်း ၃။ ပြည်တွင်းက ဆိုဒ်တွေမှာ အသုံးပြုနိုင်မယ့် ရိုးရှင်းသော ground monitoring system တခုကို အကြံပြု ခြင်း

xxxxxxxxxxxxxxxxxxxxxx

အပိုင်း ၁။ မြန်မာကုဒ်မှာပါတဲ့ Geotechnical Instrumentation အပိုင်းအပေါ် တဦးတည်း အမြင်

Myanmar National Building Code 2012 (Draft) ရဲ့ PART 4 ၊ SOILS AND FOUNDATIONS အခန်းရဲ့ APPENDIX E ၊ Geotechnical Instrumentation အပေါ် တဦးတည်း အမြင်ကို တင်ပြပါရစေ။

မြန်မာကုဒ်မှာ သည်အခန်းကို စာမျက်နှာ ၂ ခုနဲ့ Ground instrumentation နဲ့ဆိုင်တာလေး ပါတယ်ဆိုရုံ ထည့်ထားတယ်လို့ မြင်ပါတယ်။ မြန်မာကုဒ်မှာ Ground Instrumentation အခန်းကို ဖော်ပြထားမှု အရမ်းကို နည်းလွန်းပါတယ်။ နောက်ပြီး အသုံးပြုဖို့ ညွှန်းထားတဲ့ နည်းလမ်းအချို့က ၁၉၇၃ ခုနှစ်လောက်က ထုတ်ခဲ့တဲ့ စာအုပ်က ဖြစ်တဲ့အတွက် ခေတ်မှီ ground instrumentation တွေ ထွက်ပေါ်နေတဲ့ အခုလို ချိန်မျိုးနဲ့ ယှဉ်ကြည့်ရင် ခေတ်နောက်ကျနေပါပြီ။

ဖြစ်နိုင်ရင် Myanmar National Building Code 2012 (Draft) ရဲ့ PART 4 ၊ APPENDIX E ၊ Geotechnical Instrumentation အပိုင်းကို ပိုပြီး ပြည့်ပြည့်စုံစုံ ၊ ခေတ်နဲ့ လျော်ညီအောင် ပြန်ပြင်သင့်တယ်လို့ မြင်ပါတယ်။

xxxxxxxxxxxxxxxxxxxxxx

အပိုင်း ၂။ Ground Settlement monitoring လိုအပ်ရသည့် အကြောင်းရင်းအချို့

အဆောက်အဦ မြေအောက်ထပ် basement များအတွက် မြေကြီးတူးဖော်တဲ့အခါ (မြေကာနံရံ ပါသည်ဖြစ်စေ ၊ မပါသည်ဖြစ်စေ) မြေကြီးရဲ့ stress release သဘောအရ ဘေးပတ်ဝန်းကျင်မှာ မြေနိမ့်ကျတဲ့ ပြသာနာ settlement problem ဖြစ်တတ်ပါတယ်။

လူနေထူထပ်တဲ့ မြို့ပြထဲမှာ မြေတူးတဲ့အခါ ဘေးပတ်လည်မှာလည်း အဆောက်အဦတွေ ရှိတာကြောင့် မြေကာနံရံ retaining wall နဲ့ မြေမပြိုအောင် ထိန်းပြီးမှ မြေတူးတတ်ကြသလို ၊ လူနေ မထူထပ်တဲ့ နေရာမှာ မြေကာနံရံ မပါဘဲ slope cut ပုံစံနဲ့လည်း တူးဖော်တတ်ကြပါတယ်။

မြန်မာပြည်က ဆောက်လုပ်ရေး လုပ်ငန်းတွေကို ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ကြည့်တဲအခါ..

အချို့ မြေတူး လုပ်ငန်းတွေမှာ retaining wall ပါသလို ၊ တချို့ လုပ်ငန်းတွေမှာ retaining wall မပါဘဲ မြေကို တည့်အတိ ဖြတ်ထားကြတာကို မြင်ရပါတယ်။ မြေကောင်းရင် မြေကာနံရံမပါဘဲ တည့်အတိ ပုံစံနဲ့ တူးဖော်လို့ ရပါတယ်။

ဒါပေမယ့် မြေကောင်းရင် တည့်အတိ တူးထားတဲ့မြေ မပြိုကျပေမယ့် ဘေးပတ်လည်ဝန်းကျင်မှာ တဖြည်းဖြည်းနဲ့ မြေနိမ့်ကျတတ်ပါတယ်။ ကြာလေလေ ပိုနိမ့်ကျလေလေ ဖြစ်နိုင်ပါတယ်။

Retaining wall နဲ့ မြေတူးရင်လည်း ဘေးဝန်းကျင်က နိမ့်ကျနိုင်တာပါပဲ။ retaining wall ဒီဇိုင်းလုပ်တဲ့အခါ wall movement ကို zero ထားပြီး ဒီဇိုင်းလုပ်တဲ့ rigid wall design ဆိုတာ မရှိသလောက် နည်းပါတယ်။ wall movement ကို zero ထားနိုင်စေဦးတော့ ၊ Installation effect ကြောင့် ဘေးပတ်ဝန်းကျင်မြေက နိမ့်ကျနိုင်တာပါပဲ။

ဒါကြောင့် ကိုယ့်ဆိုဒ်က မြေတူးတာကြောင့် ဘေးဝန်းကျင်က မြေနိမ့်ကျပြီး shallow foundation နဲ့ ဆောက်ထားတဲ့ ဘေးအိမ်တွေမှာ differential settlement ဖြစ်ကာ နံရံများ အက်လာခြင်း ၊ ကြမ်းခင်းများ နိမ့်ကျခြင်း စတာတွေ ဖြစ်လာနိုင်ပြီး ၊ တဘက်နဲ့ တဘက် အငြင်းပွားမှုတွေ တရားရုံးမှာ စကားပြောရတာတွေ ဖြစ်လာနိုင်ပါတယ်။

စင်ကာပူမှာ project တခု ဆောက်ဖို့ ခွင့်ပြုမိန့် တောင်းတဲ့အခါ excavation ပါမယ်ဆိုရင် ground monitoring အစီအစဉ်ပါ တခါတည်း တင်ပြရပါမယ်။ ကိုယ်မြေတူးလို့ ဘေးပတ်ဝန်းကျင်မြေ နိမ့်ကျမှာကို ဘယ်လို စောင့်ကြည့်ပါမယ် ဆိုတဲ့ အစီအစဉ်ပါပဲ။

Ground monitoring အစီအစဉ်မှာ အသုံးပြုတဲ့ monitoring instrumentations တွေ အများကြီး ရှိပါတယ်။ ဥပမာ .. inclinometer, piezometer, extensometer, tilt meter စသဖြင့် အမျိုးမျိုး ရှိပါတယ်။ instruementation တွေကို အသုံးပြုမယ်ဆိုရင် နည်းပညာ ၊ ကျွမ်းကျင်မှု နဲ့ ငွေကုန်ကျမှုတို့ လိုအပ်ပါမယ်။

Instruementation တွေအကြောင်းကို နောက်ထပ် ပို့စ်တခုမှာ အကျယ် ဖော်ပြမှာ ဖြစ်ပြီး သည်ပိုစ့်မှာတော့ ပြည်တွင်းက ဆိုဒ်တွေမှာ အသုံးပြုနိုင်မယ့် ground monitoring system တခုကို အကြံပြု တင်ပြလိုပါတယ်။ နည်းပညာ ၊ ကျွမ်းကျင်မှု နဲ့ ငွေ အပို ကုန်ကျမှုလည်း မရှိဘဲ မည်သည့် ဆိုဒ်အင်ဂျင်နီယာ မဆို ဆောင်ရွက်နိုင်မယ့် ရိုးရှင်းသော နည်းလမ်းတခု ဖြစ်ပါမယ်။

xxxxxxxxxxxxxxxxx

အပိုင်း ၃။ ပြည်တွင်းက ဆိုဒ်တွေမှာ အသုံးပြုနိုင်မယ့် ရိုးရှင်းသော ground monitoring system တခုကို အကြံပြုခြင်း

မြန်မာပြည်မှာ မြေအောက်ထပ် အတွက် မြေတူး excavation တဲ့အခါ ငွေအပို ကုန်ကျမှု မရှိဘဲ monitoring ဆောင်ရွက်နိုင်မည့် နည်းလမ်းက auto level instrument နဲ့ ကြိုတင်သတ်မှတ်ထားတဲ့ settlement marker တွေကို အမြဲ စောင့်ကြည့်မယ့် နည်းလမ်းပါ။

သည်နည်းလမ်းအတွက် လိုအပ်မှာက

၁။ auto level - ဆောက်လုပ်ရေး ဆိုဒ်တွေမှာ မြေအနိမ့်အမြင့် တိုင်းတဲ့ auto level စက်ကလေးတွေ ရှိနိုင်မယ် ထင်ပါတယ်။ ဆိုဒ်တခုမှာ auto level တခု မရှိလည်း နေ့စဉ် တိုင်းတာမှာ မဟုတ်တဲ့အတွက် တခြားဆိုဒ်တွေနဲ့ မျှသုံးနိုင်ပါတယ်။

၂။ တိုင်းတာမည့် အစီအစဉ် (Frequency) - ကိုယ့်ဆိုဒ်ဘေးမှာ မြေနိမ့်ကျနေသလား ဆိုတာကို နေ့စဉ် တိုင်းတာဖို့ ယေဘုယျ မလိုပါဘူး။ တပတ်တခါလောက် ပုံမှန်တိုင်းနေပြီး ၊ သာမန်မဟုတ်တဲ့ အခြေအနေမှ နေ့စဉ်တိုင်းနိုင်ပါတယ်။

၃။ settlement markers - မြေနိမ့်ကျမှုကို တိုင်းတာဖို့ ကြိုတင်နေရာ သတ်မှတ်ပြီး ၊ reduced level ကို တိုင်းတာတွက်ချက်ထားတဲ့ settlement markers များ လိုအပ်ပါတယ်။ Building settlement marker နဲ့ Ground settlement markers တွေလို့ ခွဲပြီး သတ်မှတ်နိုင်ပါတယ်။

Building settlement marker - ပုံ ၁ နဲ့ ၂ ကို ကြည့်ရင် လမ်းပေါ် နဲ့ အုတ်နံရံပေါ်က settlement marker တွေကို မြင်နိုင်ပါမယ်။ လမ်းနိမ့်ကျသလား ၊ အုတ်နံရံ နိမ့်ကျသလားဆိုတာ တိုင်းတာနိုင်ပါမယ်။

Ground settlement marker - မြေကြီးထဲကို ၄ - ၅ ပေလောက် ရှည်မယ့် deformed bar သံချောင်းရိုက်သွင်းပြီး မြေပေါ် ၅-၆ လက်မလောက် ဖော်ထားရင် ဖြစ်ပါတယ်။ နံဘေးမှာ ရေတိုက်စားမှု မရှိအောင် ကွန်ကရစ် ဖို့ထားပြီး ၊ အလွယ်မပျက်စီးအောင် ကာရံထားရပါမယ်။ မြေပေါ် ပေါ်နေတဲ့ သံချောင်းထိပ်ရဲ့ reduced level ကို တိုင်းတာထားရပါမယ်။ မြေနိမ့်ကျတာနဲ့ အမျှ သံချောင်းလည်း နိမ့်ဝင်သွားမှာမို့ ဘယ်လောက် နိမ့်ဝင်သွားတယ်ဆိုတာကို သိရှိနိုင်ပါမယ်။

Settlement markers တွေကို မြေတူးတဲ့ ဆိုဒ်ဘေးတလျှောက် ပတ်ပတ်လည်မှာ မပျက်စီးအောင် သင့်တော်သလို နေရာ သတ်မှတ်ထားနိုင်ပါတယ်။

ပုံ ၃ ကို ကြည့်ရင် စင်ကာပူမှာ သုံးတဲ့ ground settlement marker နေရာချတဲ့ သဘောကို မြင်နိုင်ပါတယ်။

ပုံ ၄ မှာ ground settlement markers ၂ ခုရဲ့ ၁၁ လအတွင်း တဖြည်းဖြည်း နိမ့်ကျလာတဲ့ settlement profile နမူနာကို မြင်နိုင်ပါမယ်။ စင်ကာပူ ဆိုဒ်တခုက တကယ့် profile တခုပါ။

ပုံကိုကြည့်ရင် ၂၀၁၃ ဒီဇင်ဘာလောက်က zero မှာ ရှိနေပြီး ၊ ၂၀၁၄ နိုဝင်ဘာရောက်တော့ ၆၅ မီလီမီတာလောက် နိမ့်ကျလာတာကို မြင်နိုင်ပါတယ်။ မြေမတူးလုပ်ငန်းစပြီး ရက်ပိုင်းအတွင်းမှာ မြေနိမ့်ကျမှု မသိသာပေမယ့် ၊ အချိန် ကြာလာတော့ သိသာလာပါတယ်။

မြေမတူးခင်ကတည်းက မတိုင်းထားဘူးဆိုရင် ၆၅ မီလီမီတာ (၂.၅ လက်မ) လောက် နိမ့်ကျနေတာကို ဆိုဒ်မှာ သွားကြည့်ရင် မြင်နိုင်ဖို့ ခဲယဉ်းပါတယ်။

နိဂုံး ...

ကိုယ့်ဆိုဒ်မှာ မြေတူးလုပ်ငန်းပါတဲ့အခါ ၊ အထက်မှာ ညွှန်းထားတဲ့ နည်းလမ်းလို ရိုးရှင်းပြီး ငွေကုန်ကျမှု မရှိပဲ ၊ ဆိုဒ်ထဲက အင်ဂျင်နီယာတွေ ကိုယ်တိုင် ဆောင်ရွက်နိုင်မယ့် Settlement marker များကို အသုံးပြုတဲ့ ground monitoring system ကို ပူးတွဲ အသုံးပြုသင့်တယ်လို့ အကြံပြုလိုပါတယ်။

markers တွေရဲ့ မြေမတူးခင် reduced level နဲ့ မြေတူးနေဆဲ ၊ မြေတူးပြီး reduced level တွေကို ခြားနားပေးခြင်းဖြင့် ကိုယ့်ဆိုဒ်ဘေးဝန်းကျင်မှာ မြေနိမ့်ကျနေတယ် ၊ မြေမနိမ့်ကျနေဘူး ဆိုတာကို အင်ဂျင်နီယာ တဦးအနေနဲ့ အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။ (၂၃-၁၁-၁၄)

0 comments:

Post a Comment

Disqus Shortname

Comments system