Friday, November 28, 2014

Measurement (အတိုင်းအတာ) ၊ Standard Method of Measurement (တိုင်းတာနည်း စံပုံစံ)

အင်ဂျင်နီယာ ပညာရပ်မှာဖြစ်စေ၊ QuantitySurveyor တစ်ယောက်အတွက်ဖြစ်စေ Measurement လို့ခေါ်တဲ့ အတိုင်းအတာဟာ အလွန်အရေးပါတဲ့ပညာရပ်အတစ်ခု ဖြစ်ပါတယ်။ တကယ့်ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အဆောက်အဦးတစ်ခုရဲ့ အစိတ်အပိုင်းတွေဟာရထားတွဲဆက်သလို ရှေ့တွဲပြီးမှ နောက်တွဲ ဆက်ရတာမျိုး အမြဲတမ်း ဖြစ်ချင်မှဖြစ်တာပါ။ တည်ဆောက်ခွင့်ရတဲ့ကာလအပိုင်းအခြား (Construction Period)ပေါ် မူတည်ပြီးဖြစ်စေ၊ လုပ်သားအင်အား(Menpower)ကို မူတည်ပြီးဖြစ်စေ၊ လုပ်ငန်းခွင် နေရာ အနေအထား(Site Condition)ကို မူတည်ပြီးဖြစ်စေConstruction Sequence (ဆောက်လုပ်ရေး လုပ်ငန်းအစီအစဉ်) ကွာခြားပါတယ်။ ပုံမှန်အားဖြင့်၁ ပြီးမှ ၂၊ ၂ ပြီးမှ ၃ ဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ၁ ပြီးတော့ ၃၊ ၃ ပြီးမှ ၂ ပြန်သွားရတာမျိုးလည်း ရှိတတ်ပါတယ်။ အဲ့ဒီလို အခါမျိုးမှာ အတိုင်းအတာ သေချာမှ အပိုင်းတစ်ခုနဲ့တစ်ခုက အံဝင်ခွင်ကျ ချိတ်ဆက်မိမှာပါ။

မြို့ပြ အင်ဂျင်နီယာ တစ်ယောက်အတွက်တော့ချိန်သီးချတာ၊ ရေညီမျဉ်းဆွဲတာလည်း အတိုင်းအတာဖြစ်သလို၊ မျဉ်းတံဆွဲတာလည်း တိုင်းတာခြင်းတစ်မျိုးပါ။ကျောင်းတုန်းက အလုပ်ရုံမှာ လက်သမားပညာ၊ ပန်းရံပညာကို သေချာသင်ယူဖူးရင် မြို့ပြအင်ဂျင်နီယာတစ်ယောက်အတွက်၁လက်မ၊ ၁ဒီဂရီဆိုတာလည်း ဘယ်လောက်အရေးပါကြောင်း သိကြပါလိမ့်မယ်။ ဥပမာပေးရရင် နံရံနဲ့ကြမ်းပြင် ထောင့်မှန်ကျရမယ့်နေရာမှာ မတော်တဆ ၉၁ဒီဂရီဖြစ်သွားလို့ ရပါသလား။ ကွန်ဂရစ်တိုင်မျက်နှာပြင်တစ်ခုကို ဘိလပ်မြေနဲ့အချောကိုင်တဲ့အခါ အောင်ခြေက ၁လက်မထုဖြစ်ပြီး အပေါ်ပိုင်းက၂လက်မထုဖြစ်ခဲ့ရင် ဘာဖြစ်နိုင်ပါသလဲ။ ဘယ်လိုကွာခြားမလဲဆိုတာ မျက်စိနဲ့ ရိုးရိုးလေးကြည့်ရင်တောင်သိနိုင်ပါတယ်။

အလားတူပါပဲ။ Quantity Surveyor တစ်ယောက်အတွက်လည်းအတိုင်းအတာဆိုတာ အရေးအကြီးဆုံး နေရာမှာ ရှိတဲ့ အချက်တစ်ခုပါ။ ဘာကြောင့်လဲဆိုရင် တိုင်းတာလိုက်တဲ့ဒသ၁မ နေရာလေးတစ်ခုဟာလည်း ငွေကြေးကိုကွာခြားစေလို့ ဖြစ်ပါတယ်။ Quantity Surveying ရဲ့အခြေခံပညာဆိုရင်လည်း မမှားပါဘူး။ အဲ့ဒီအတွက် ကျောင်းမှာ Estimate သင်တုန်းကတည်းကMeasurement ဘယ်လိုတိုင်းရမယ် ဆိုတာကို သင်ပေး လိုက်ပြီးသား ဖြစ်ပါတယ်။ ပြန်ပြီး နွေးပေးရဦးမယ်ဆိုရင်တော့အဆောက်အဦးတစ်ခုကို တိုင်းတာတဲ့နေရာမှာ နည်း ၃ နည်းနဲ့ တိုင်းတာနိုင်ပါတယ်။

ပထမတစ်နည်းကတော့ Center to Center လို့ခေါ်တဲ့တစ်ဘက်အလယ်မှတ်ကနေ  နောက်တစ်ဘက်အလယ်မှတ်ထိ တိုင်းတာတဲ့နည်းပါ။




ဒုတိယနည်းကတော့ Outer to Outer လို့ခေါ်တဲ့တစ်ဘက်အပြင်ဘက် နံရံကနေ နောက်တစ်ဘက် အပြင်ဘက်နံရံထိ တိုင်းတာတဲ့နည်း ဖြစ်ပါတယ်။




နောက်ဆုံးတစ်နည်းကတော့ တစ်ဘက်နံရံအတွင်းဘက်ကနေနောက်တစ်ဘက်နံရံ အတွင်းဘက်ထိ တိုင်းတာတဲ့ Inner to Inner Method ဖြစ်ပါတယ်။




အများအားဖြင့်တော့ရိုးရှင်းလွယ်ကူတဲ့ Center to Center Methodကို အသုံးပြုကြပါတယ်။ တစ်ခုသတိပြုစေချင်တာကတော့ပုံပေါ်မှာ အတိုင်းအတာပြုလုပ်တဲ့အခါ အထက်ကပြောခဲ့တဲ့ နည်း၃နည်းထဲက ဘာနည်းနဲ့ အသုံးပြုပြီးတိုင်းတာမလဲဆိုတာ သေချာဆုံးဖြတ်ပါ။  တကယ်လို့များCenter to Center Method ကိုသုံးခဲ့မယ်ဆိုရင် အစကနေဆုံးတဲ့အထိ အဲ့ဒီနည်းတစ်တည်းနဲ့ပဲတွက်တာပိုကောင်းပါလိမ့်မယ်။ ဒီအပိုင်းကို တစ်နည်းနဲ့တွက်လိုက်၊ နောက်တစ်ပိုင်းကို နောက်တစ်နည်းနဲ့တွက်လိုက်ဆိုရင် လိုအပ်တဲ့ အတိုးအလျော့၊ အဝင်အထွက်နေရာတွေမှာ မှားတတ်တဲ့အတွက် ဖြစ်ပါတယ်။ဘယ်နည်းနဲ့ပဲ တွက်ခဲ့တွက်ခဲ့ နောက်ဆုံးရလဒ်ကတော့ အတူတူပဲ ရမှာပါ။

အခုပြောခဲ့သလောက်ဟာEstimate သင်တဲ့အခါပထမဆုံး စသင်ခဲ့ရတဲ့ အခြေခံတိုင်းတာနည်းဖြစ်ပါတယ်။ တိုင်းတာနည်းကိုသိပြီးတဲ့အခါ ပုံကိုကြည့်ပြီး Measurement စလုပ်ပါတော့မယ်။ တစ်ချို့ကလည်း ဒါကို   Taking Out လုပ်တယ်လို့ ခေါ်ပါတယ်။ မျိုးတူရာကိုထုတ်နှုတ်တယ်ဆိုတဲ့ သဘောပါ။ Measurement လုပ်တဲ့အခါ Quantity Surveyor တစ်ယောက်အနေနဲ့နားလည်ရမှာက ၃ ပိုင်းရှိပါတယ်။ အဲ့ဒါတွေကတော့ အကြောင်းအရာ(Description) ၊ ယူနစ်(Unit)နဲ့ အရေအတွက်(Quantity) လို့ဆိုရပါမယ်။ ဒါဆိုရင် အကြောင်းအရာဆိုတာကို ဘယ်လိုရေးကြမလဲ၊ဘာယူနစ်နဲ့တိုင်းပြီး အရေအတွက်ကို ထုတ်ယူမလဲ။

ကျောင်းမှာသင်ခဲ့တဲ့ အတွက်တော့ အကြမ်းအားဖြင့် ကွန်ဂရစ်ဆိုရင် ကုဗပေ၊ သံချောင်းဆိုရင် မက်ထရစ်တန်(သို့မဟုတ်)ကီလိုဂရမ်၊ သစ်သားဆိုရင် ကုဗပေ(သို့မဟုတ်)တန် ဆိုတဲ့ ယူနစ်တွေနဲ့ တိုင်းတာရကြောင်းသိပြီးသားဖြစ်မှာပါ။ မြန်မာပြည် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာတော့ “ကျင်း” ဆိုတဲ့ အသုံးအနှုန်းနဲ့လည်းသုံးပါသေးတယ်။ ၁ ကျင်းလို့ သုံးလိုက်တာနဲ့ ကွန်ကရစ်ဆိုရင် ၁၀ဝ ကုဗပေ၊ သစ်သားဆိုရင်၅၀ ကုဗပေ ဆိုပြီး အလိုလိုနားလည်ရပါတယ်။ အခုနောက်ပြီး စနစ်တွေပြောင်းလာတဲ့အခါ ယူနစ်တွေမှာFPS System ( Foot, Pound , Second ) ကနေ MKS System ( Meter, Kilogram, Second ) ကိုလိုက်ပြီး ပြောင်းလာပါတယ်။ အဲ့ဒီအတွက် ပုံတွေမှာလည်း ပေ ဆိုတဲ့ယူနစ်အစား၊ မီတာ လို့ပြောင်းလဲပြီးသုံးပါတယ်။ဒါက ယူနစ်အပိုင်းပါ။

အကြောင်းအရာပိုင်းကြတော့ကိုယ်နားလည်လွယ်သလို ကွန်ဂရစ်၊ သံချောင်းဆိုပြီး တုံးတိရေးလို့ မရတော့ပါဘူး။ ဘယ်အစိတ်အပိုင်းမှာသုံးထားတဲ့ ကွန်ဂရစ် Gradeဘယ်လောက်၊ သံကူကွန်ဂရစ် (Reinforce Concrete)လား ဆိုတဲ့အချက်တွေပြည့်စုံအောင်ရေးပေးမှ ဈေးနှုန်းသင့်တဲ့အခါ သင့်လျော်တဲ့ ဈေးနှုန်းကိုရမှာဖြစ်ပါတယ်။ဒီလိုတိုင်းတာကြတဲ့အခါ အကြောင်းအရာတစ်မျိုးတည်းကိုပဲ တစ်ယောက်က m2 ၊ တစ်ယောက်ကm3 မတူတဲ့ ယူနစ်တွေနဲ့ တိုင်းကြနိုင်ကောင်း တိုင်းတာနိုင်ပါတယ်။ အဲ့ဒီလိုမတူတာတွေကိုတပြေးညီတည်းဖြစ်စေဖို့ စင်္ကာပူနိုင်ငံမှာတော့ Standard Method of Measurement (SMM)ကိုမှီငြမ်းရပါတယ်။

SMMမှာ လုပ်ငန်းအမျိုးအစားအလိုက်အကြောင်းအရာကို ဘယ်လိုပြည့်စုံအောင်ရေးပြီး ဘာယူနစ်နဲ့ အရေအတွက်ထုတ်ပေးရမယ်ဆိုတာမျိုးကိုပေးထားပြီး Quantity Surveyorတိုင်း လေ့လာဖတ်ရှုသင့်တဲ့ လက်စွဲစာအုပ်တစ်အုပ် ဖြစ်ပါတယ်။မြန်မာပြည်မှာတော့ Yellow Book နဲ့ခပ်ဆင်ဆင်တူပါတယ်။ Yellow Bookမှာတော့ Descriptionတစ်ခုစီအတွက် ၁ဝဝ ကုဗပေကို မူတည်ပြီး Material ဘယ်လောက်ကုန်မယ်၊ Labour ဘယ်နှယောက်သုံးရမယ်၊အလေအလွင့် (Wastage) ဘယ်လောက်ထည့်ပေါင်းရမယ် ဆိုတာတွေပါဝင်ပါတယ်။ SMM မှာတော့ အဲ့ဒီလိုပေးထားတာမျိုး မတွေ့ဖူးပါဘူး။ အခုလက်ရှိ စင်္ကာပူမှာ သုံးနေတာကတော့ SMM2 ဖြစ်ပြီး UKStandard ဆိုရင်တော့ SMM7 ဖြစ်ပါလိမ့်မယ်။

https://dl.dropboxusercontent.com/u/35915150/SMM2.pdf
https://dl.dropboxusercontent.com/u/35915150/SMM7.pdf

နောက်ထပ်အရေးကြီးတဲ့အချက်ကတော့တိုင်းတာတဲ့အခါ ကိုယ်ရတဲ့ အရေအတွက်ကို ကျောင်းတုန်းက သင်ခဲ့ရတဲ့ Measurement Formကအလျား(Length)၊ အနံ(Width)၊ အမြင့်(Height) ဆိုတဲ့ ၃ချက်အပြင် ဘယ်လိုတိုင်းလိုက်လို့ဒီအရေအတွက်ရသလဲ ဆိုတာကို ပုံနံပါတ်နဲ့တကွ မှတ်ချက် ရေးထားဖို့ လေးလေးနက်နက် တိုက်တွန်းချင်တာပါ။Measurement ရဲ့သဘောအရ လူ၁၀ယောက်တွက်တဲ့အခါ ရလဒ် ၁၀မျိုးထွက်တတ်ပါတယ်။ အနည်းဆုံးတော့ဒသမကွာပါတယ်။ Auto CAD နဲ့တိုင်းရင်တော့ တစ်မျိုးပေါ့။ ခုနောက်ပိုင်း PDF Softwareတိုးတက်လာတဲ့အတွက် ပုံကို PDF Measurement နဲ့လည်း တိုင်းနိုင်ပေမယ့် တစ်ယောက်တိုင်းတာနဲ့နောက်တစ်ယောက်တိုင်းတာ ထပ်တူကျအောင် တူတာတော့ အလွန်နည်းပါသေးတယ်။ ဒီလိုမှတ်ချက်ရေးတဲ့အတွက်တကယ်လို့များ ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ရဲ့အလုပ်ကို လွှဲပြောင်း ယူရတာပဲဖြစ်ဖြစ်၊ကိုယ့်အလုပ်ကို သူများက ယူလုပ်ရတာပဲဖြစ်ဖြစ် အရမ်းကို လွယ်ကူပြီး အချိန်ကုန်သက်သာ၊လူလည်း သက်သာစေပါတယ်။ အရေအတွက်လည်း ပိုပြီးတိကျမှန်ကန်ပါတယ်။ BQ Form နဲ့ MeasurementForm မတူပါဘူး။ BQ ဆိုတာက Measurement ကရလာတဲ့ ရလဒ်အားလုံးကို ပေါင်းပြီး စုစုပေါင်းအရေအတွက်တစ်ခုကိုပဲ ပြတဲ့နေရာဖြစ်ပါတယ်။ Measurement Form ဆိုတာက အသေးစိတ်တွက်ထားတဲ့အဆင့်ပဲရှိပါသေးတယ်။

ဒါကြောင့် Quantity Surveyor ဆိုတာEstimator သက်သက်မဟုတ်သော်လည်း Estimate ဆိုတာကတော့ QS အနေနဲ့ လုပ်တတ်ရမယ့်အလုပ်တစ်ခုပါ။Estimate ရဖို့အတွက် Measurement ကိုလည်းစနစ်တကျ လုပ်တတ်ဖို့ လိုပါတယ်။ စနစ်ကျတဲ့ MeasurementForm တစ်စောင်ဖြစ်ဖို့အတွက် SMM ကိုလည်း လေ့လာဖို့လိုအပ်ကြောင်း ပြောခဲ့ပြီးပြီဖြစ်လို့Measurement (အတိုင်းအတာ) ၊  Standard Method of Measurement (တိုင်းတာနည်း စံပုံစံ)အကြောင်းကိုတော့ ဒီမှာပဲ ရပ်ပါမယ်။

လဲ့လဲ့ဝင်း
၆ ဧပြီ ၂၀၁၄


စာကြွင်း၊    ၊ ကျွန်မကစာရေးရခြင်းကို ဝါသနာပါတဲ့သူတစ်ယောက်ပါ။ လွန်ခဲ့တဲ့ ၇နှစ် (၂၀ဝ၇ ခုနှစ်) လောက်က သူများရေးတဲ့ဘလော့တွေကို လိုက်ဖတ်မိရာကစပြီး GreenGirl ဆိုတဲ့နာမည်နဲ့ စိတ်ကူးမိရာလေးတွေ ရေးဖြစ်ခဲ့သလို၊လွမ်းသုရင်ဆိုတဲ့ ကျောင်းတုန်းက ကဗျာရေးတဲ့ နံမည်နဲ့လည်း စာတိုပေစလေးတွေ ရေးဖူးခဲ့ပါတယ်။အလုပ်တစ်ဘက်လုပ်ရင်းနဲ့ စာရေးဖြစ်တဲ့အခါ ကိုယ့်တုန်းက မသိခဲ့မတတ်ခဲ့တာတွေကို နောက်လူတွေသိစေချင်တဲ့စိတ်နဲ့ ကိုယ်တတ်သလောက် Quantity Surveyor အကြောင်းစပြီးရေးဖြစ်ခဲ့တာပါ။ဒါပေမယ့် ၂၀ဝ၉ခုနှစ်နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် စာရေးကျဲခဲ့သလို ဘလော့နဲ့လုံးဝဝေးကွာသွားပါတယ်။ QS အကြောင်းကိုတော့ ဆက်ရေးပေးဖို့ တိုက်တွန်းတဲ့သူတွေ ရှိနေသေးပေမယ့်ဆက်မရေးဖြစ်တော့ပါဘူး။ အကြောင်းကတော့ အတန်းတူသူငယ်ချင်းတွေ နဲ့ စီနီယာတွေကို အားနာလို့ပါ။ကိုယ်တတ်သလို၊ ကိုယ်သိသလို သူတို့တွေလည်း သိပြီးသားဖြစ်နေလောက်ပြီလို့ တွေးမိတဲ့အခါအားနာလို့ ဆက်မရေးတော့တာပါ။ ဒီလိုနဲ့ အပိုင်း ၃ ပိုင်းမှာရပ်နေရာကနေ ၂၀၁၂ခုနှစ်က သူငယ်ချင်းတစ်ယောက်မြန်မာပြည်ပြန်မယ်ဆိုတော့ ကျောင်းပြီးစ ဂျူနီယာတွေကို ပြောပြချင်တယ်ဆိုတာကြောင့် အပိုင်း၅ အထိပြီးအောင်ဆက်ရေးဖြစ်ခဲ့ပါတယ်။ ဘလော့ပိတ်ထားပြီဖြစ်တဲ့အတွက် ဘလော့မှာတော့ မတင်ခဲ့ပါဘူး။QS အကြောင်း ကိုယ်ရေးခဲ့တာကို သိနေတဲ့သူတွေကတော့ ဒီနေ့ဒီအချိန်အထိ ဆက်ပြီးရေးနေဖို့တိုက်တွန်းနေဆဲဆိုပေမယ့် ကျွန်မလုံးဝ လုံးဝ ဆက်မရေးခဲ့ပါဘူး။ ဒါပေမယ့် လိုအပ်တဲ့သူတွေအတွက်ကိုယ်သိတာကို ပြောပြချင်နေသေးတဲ့စိတ်တော့ အမြဲရှိနေပါတယ်။ ဒါကြောင့်လည်း အခုအချိန်မှာတတ်နိုင်သလောက်လေး ပြန်ရေးဖို့ ကြိုးစားပါ့မယ်။ နည်းပညာအကြောင်း ရေးပေမယ့် စာလုံးအကြီးကြီးတွေနဲ့မရေးတတ်တဲ့ အတွက်ကြောင့် ကိုယ်တိုင်နားလည်သလို သူများနားလည်မယ့် စာလုံးနဲ့ပဲ ရေးဖြစ်မှာပါ။သိပြီးတတ်ပြီးသား သူငယ်ချင်းများ၊ စီနီယာများအနေနဲ့ လိုအပ်တာရှိခဲ့ရင် ဖြည့်စွက်အကြံပြုနိုင်ပါတယ်။QS ပညာကို မသိသေးတဲ့၊ လေ့လာသင်ယူနေဆဲ မောင်ငယ်ညီမငယ်များ အတွက်လည်း အတိုင်းအတာတစ်ခုအထိအထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း။

0 comments:

Post a Comment

Disqus Shortname

Comments system