Friday, February 2, 2018

Fire Protection for Steel Structures

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ယခုအခါ Steel Structure တွေ အသုံးပြုမှု တဖြည်းဖြည်း ကျယ်ပြန့် များပြားလာတာကို တွေ့ရပါတယ်။ Steel Structure တွေ တည်ဆောက်ရာမှာ အရေးပါပြီး ထည့်သွင်းစဉ်းစားသင့်တဲ့ Fire Protection/ Fire Proofing နဲ့ ပတ်သက်ပြီး ဂျူနီယာ အင်ဂျင်နီယာ ညီငယ် ညီမငယ်တွေ ဗဟုသုတရစေဖို့ တင်ပြ ရေးသားလိုက်ပါတယ်။

Figure 1

Steel Structure တစ်ခု အတွက် မီးဘေးကာကွယ်ရေးစနစ် (Fire Protection) ဆိုတာကတော့ မီးဘေးအန္တရာယ်ကြောင့် Steel Structure တစ်ခု Structural Failure မဖြစ်စေဖို့ ကြိုတင်လုပ်ဆောင်ပေးရမယ့် ကာကွယ်ရေးစနစ်များပဲ ဖြစ်ပါတယ်။ Steel ဆိုတာက သာမန် အခန်းအပူချိန်မှာ အလွန်မာကျောပေမယ့် မြင့်မားတဲ့ အပူချိန်ကို ခံရတဲ့အခါ အလွန်ကို ပျော့ပြောင်းသွားပါတယ်။ အဲဒါကြောင့်ပဲ သံချောင်းတစ်ချောင်းကို အပူပေးပြီး လွယ်ကူစွာနဲ့ ကွေးလို့ဆန့်လို့ ရတာပါ။ ထို့နည်းတူစွာပဲ Steel Structure Building တစ်ခုမှာလဲ မီးလောင်တဲ့အခါ Steel နဲ့လုပ်ထားတဲ့ Beam, Column စတဲ့ Structural Elements တွေဟာ ပြင်းထန်တဲ့ အပူချိန်ကို ခံစားရပါတယ်။ အဲဒီလို ပြင်းထန်တဲ့ အပူရှိန်ခံစားရတဲ့အခါ Material Properties တွေပြောင်းသွားပြီး ပျော့ပြောင်းသွားတဲ့အတွက် သူခံဆောင်နေရတဲ့ Load တွေကို ခံဆောင်နိုင်ခြင်းမရှိတော့ပဲ အဆောက်အအုံ ပျက်စီးပြိုကျမှု ဖြစ်ပေါ်စေနိုင်ပါတယ်။ ဥပမာ Steel နဲ့ လုပ်ထားတဲ့ အထပ်မြင့် အဆောက်အဦတွေရဲ့ အောက်ဘက်အထပ်တွေမှာ မီးလောင်မှုဖြစ်ပွားပြီး Steel Column တိုင်တွေမှာ ပြင်းထန်တဲ့ အပူချိန်ဖြစ်လာခဲ့ရင် အဲဒီ Steel Column တွေဟာ ပျော့ပြောင်းသွားပြီး သူထမ်းဆောင်နေရတဲ့ အပေါ်ပိုင်း အထပ်တွေရဲ့ အလေးဝန်ကို မထမ်းဆောင်နိုင်တော့တဲ့အခါ အဆောက်အဦ ပြိုကျပျက်စီးမှု ဖြစ်လာနိုင်ပါတယ်။

အောက်ကပုံက အပူနဲ့ ထိတွေ့တဲ့အခါ ဖြစ်ပေါ်လာတဲ့ Column တစ်ချောင်းရဲ့ Behavior ပုံ ဖြစ်ပါတယ်။

Figure 2 Column Under Fire

မီးလောင်မှုကြောင့် Structural Failure ဖြစ်ပေါ်ခဲ့ပြီး ပြိုကျခဲ့ရတဲ့ အဆောက်အအုံတစ်ခုကတော့ WTC 7 အဆောက်အအုံပါ။

Figure 3 WTC 7 Before and After

47 ထပ်မြင့်တဲ့ အဲဒီ အဆောက်အအုံဟာ 2001 ခုနှစ် World Trade Centre တိုက်ခိုက်ခံခဲ့ရတဲ့ အချိန်မှာ ဖြစ်လာခဲ့တဲ့ နောက်ဆက်တွဲ မီးလောင်မှုတစ်ခုထဲကြောင့် ပြိုကျ ပျက်စီးခဲ့ရပါတယ်။

Figure 4a WTC 7 Structural Failure Due to Fire


Figure 4b Structural Failure Due to Fire

WTC7 ရဲ့ ပြိုကျရမှု အကြောင်းအရင်း အပြည့်အစုံ Report ကို ဒီလင့်မှာ ဒေါင်းလုဒ်ယူပြီး လေ့လာနိုင်ပါတယ်။ http://www.nist.gov/customcf/get_pdf.cfm?pub_id=861610

Steel Structure တွေရဲ့ Fire Protection နဲ့ ပတ်သက်ပြီး နိုင်ငံတကာ Building Code တွေမှာ Fire Code တွေထည့်သွင်းရေးဆွဲထားသလို လိုက်နာဆောင်ရွက်ကြရပါတယ်။ Steel Structure တွေအတွက် Fire Protection Method တွေလဲ များစွာရှိသလို အဆင်ပြေရာကို ရွေးချယ် အသုံးပြုရပါတယ်။ အောက်ကပုံကတော့ Steel Structural Elements (Beams & Columns) တွေရဲ့ တည်ဆောက်ပုံအခြေအနေအရ မီးဒါဏ် ခံနိုင်ရည်ကို ဖေါ်ပြထားတဲ့ ဇယား ဖြစ်ပါတယ်။

Figure 5 Fire Resistance of Structural Elements

ဒီပုံအရဆိုရင် Steel Column နဲ့ Steel Beam တွေကို မည်သည့်နည်းလမ်းနှင့်မျှ Protection မလုပ်ထားပါက ခံနိုင်ရည် ၁၅ မိနစ်သာ ရှိတာကို တွေ့ရမှာပါ။
အောက်ကပုံက စင်ကာပူ Fire Code က ထုတ်နှုတ်ထားတဲ့ Minimum Period of Fire Resistance ဇယား ဖြစ်ပါတယ်။

Figure 6 Minimum Period of Fire Resistance

Code သတ်မှတ်ချက်အတိုင်း Minimum Period of Fire Resistance ရစေဖို့ Steel Structural Elements တွေကို Fire Proofing လုပ်ပေးဖို့ လိုအပ်ပါတယ်။
Fire Proofing Methods တွေအနေနဲ့ Column တွေကို Concrete Encasement (ကွန်ကရစ်လောင်းပေးခြင်း)၊ Column နဲ့ Beam တွေကို Fire Board တွေကပ်ပေးခြင်း၊ Fire Proofing Material များသုတ်လိမ်းပေးခြင်း စတဲ့ နည်းလမ်းတွေ အသုံးပြုပြီး လိုအပ်တဲ့ Fire Resistance ရအောင် ပြုလုပ်ပေးနိုင်ပါတယ်။
ဒီပုံက Fire Board တွေကပ်ထားတဲ့ပုံပါ။

Figure 7 Fire Boards

Ceiling တွေထဲမှာ ပျောက်သွားမယ့် Beam စတဲ့ Structural Members တွေကို Vermiculite သုတ်လိမ်းပေးလို့ရပါတယ်။ အောက်ကပုံက Vermiculite သုတ်လိမ်းနေတဲ့ပုံတွေပါ။

Figure 8 Spraying Vermiculite Fire Proofing


Figure 9 Steel Members Cover with Vermiculite

Exposed Structural Elements တွေအတွက်တော့ Fire Proofing Paint ဖြစ်တဲ့ intumescent Paint ကိုအသုံးပြုနိုင်ပါတယ်။ Intusement Paint ဆိုတာက အပူနဲ့ ထိတွေ့တဲ့အခါ ပွလာပြီး Base Material ဆီကို အပူမကူးပြောင်းအောင် ကာကွယ်ပေးတဲ့ သုတ်ဆေးတစ်မျိုးဖြစ်ပါတယ်။ Vermiculite ထက် ကုန်ကျစရိတ် ပိုများပါတယ်။

Figure 10 Fire Proofing Paint


Figure 11 Intumescent Paint Exposed to Heat

အချုပ်အားဖြင့်ဆိုသော် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Steel Structure တွေ အသုံးများလာပေမယ့်လည်း Structural Fire Protection အတွက် အလေးထားမှု အားနည်းနေသေးတာတွေ့ရပါတယ်။ ကျွန်တော်တို့လို အင်ဂျင်နီယာ လောကသားတွေအနေနဲ့ လူတို့ရဲ့ အသက် အိုးအိမ် စည်းစိမ်တွေအတွက် အရေးပါတဲ့ Steel Structure တွေရဲ့ Structural Fire Protections တွေကို အလေးထားဆောင်ရွက် နိုင်စေဖို့ ဆန္ဒပြုလိုက်ပါတယ်။
 Credit

Aung Hsu Myat
20 Feb 2015

ဒါက စင်ကာပူက Fire Code ပါ https://www.scdf.gov.sg/content/scdf_internet/en/building-professionals/publications_and_circulars/fire-code-2013.html
Structural Fire Precaution Measures တွေနဲ့ Fire Fighting System တွေရဲ့ requirements တွေကို လေ့လာနိုင်ပါတယ်။
Auto Sprinkler system တွေတပ်ဆင်ဖို့အတွက်ဆိုရင် Pipe line တွေ, Pump တွေနဲ့ Water Storage Tank တွေလိုအပ်ပါတယ်။ စင်ကာပူမှာ Commercial Building တွေမှာပဲ တပ်ဆင်တာ တွေ့ရပါတယ်။

0 comments:

Post a Comment

Disqus Shortname

Comments system