Monday, August 27, 2018

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၃)

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၃)
Compactors များနှင့် ၎င်းတို့၏ compaction forces များ
- Impact force အကြောင်းပြောပါဦး။
Impact ဆိုတာကတော့ dynamic force အမျိုးအစားပဲ။ ပစ္စည်းတစ်ခုကို အမြင့်တစ်နေရာက အရှိန်နဲ့ ပစ်ချလိုက်တဲ့အခါ အဲဒီပစ္စည်းနဲ့ မျက်နှာပြင်နဲ့ ထိတဲ့အချိန်မှာ ဖြစ်တဲ့ force ပေါ့။ အဲဒီပစ္စည်းရဲ့weight နဲ့ falling speed ကို energy အနေနဲ့ ပြောင်းလဲလိုက်တဲ့အခါမှာ static load ထက် အများကြီး အားပြင်းတဲ့ impact force ကိုဖြစ်စေတာပေါ့။ ကားနှစ်စီးအရှိန်နဲ့ တိုက်တာလည်း impact ဘဲ။ တိုက်တဲ့အရှိန်ပြင်းလေလေ impact force များလေလေ၊ ပျက်စီးမှုများလေလေပေါ့။ Asphalt Compaction မှာတော့ vertical impact force ကို အဓိက အသုံးပြုတာပေါ့။ Vibratory compactors တွေမှာတော့ weight ကတော့ drum ရဲ့ weight ပေါ့။ Impact force ရဖို့အတွက် အဲဒီ drum ကို လေထဲရောက်အောင် မပေးပြီး ပြန်ကျအောင်လုပ်ပေးရတာပေါ့။ အဲလို drum ကို အထက်အောက် ရွေ့ရှားပေးခြင်းကြောင့် ဖြစ်လာတဲ့ impact force တွေက ကတ္တရာသားပေါ်သက်ရောက်တယ်။ အဲဒီ Impact force တွေကြောင့် ကတ္တရာပေါ်မှာ အားကြီးတဲ့ pressure wave တွေဖြစ်ပေါ်စေတယ်။ Pressure wave တွေက ကတ္တရာသားရဲ့မျက်နှာပြင်ပေါ်မှာ အားအကောင်းဆုံးဖြစ်ပြီး အောက်ရောက်လာလေလေ အားပျော့လေလေဖြစ်ပြီး နောက်ဆုံးမှာ ပျက်ပြယ်သွားတယ်။
- ဒါဆို Impact force သုံးတာ vibratory compactors တွေပဲပေါ့။
ဟုတ်တယ်။ Steel Drums Static Rollers တွေက fixed static load တစ်ခုဘဲ သုံးလို့ရပြီး နဲ့ Pnuematic Tires Compactors တွေကတော့ variable static load အပြင် manipulation သို့မဟုတ် kneading force တွေပဲ သုံးလို့ရတယ်။
- Impact force များရင် မြန်မြန်ကြိတ်လို့ရမှာပေါ့။
ယေဘူယျအားဖြင့်တော့ မှန်ပါတယ်။ ဒါပေမဲ့ သတိထားရမှာက နိုင်လွန်ကတ္တရာ လမ်းကြိတ်ရာ မှာတော့ asphalt mix design တို့၊ maximum aggregate size တို့၊ layer thickness တို့ စတာတွေပေါ်မှာ အများကြီးမူတည်တယ်။ Impact force အရမ်းများရင် နိုင်လွန်ကတ္တရာထဲက ကျောက်တွေ ကျိုးကျေနိုင်တယ်။ နိုင်လွန်ကတ္တရာလမ်းအတွက် effective compaction ရဖို့အတွက် impact force နဲ့ စက်ရဲ့တခြား characteristics တွေဖြစ်တဲ့ static weight တို့ vibration တို့နဲ့ balance ဖြစ်နေရမယ်။
- Vibration force အကြောင်း ဆက်ပါဦး။
Vibration အကြောင်းပြောရင် vibration amplitude နဲ့ vibration frequency ကို အရင်နားလည်မှ ရမည်။
Vibration compactor တွေရဲ့ drum အတွင်းမှာရှိတဲ့ဝင်ရိုးမှာ eccentric weight တွေတပ်ထားတယ်။ အဲဒီ eccentric weight တပ်ထားတဲ့ ဝင်ရိုးကိုလှည့်ပေးခြင်းဖြင့် eccentric weight အပေါ်ဘက်ခြမ်းရောက်နေချိန်မှာ drum က အပေါ်ဘက်သို့တက်သွားပြီး eccentric weight အောက်ဖက်ရောက်ချိန်မှာ drum ကို ကတ္တရာပေါ်ကို ရိုက်ချစေတယ်။ အဲဒီလိုဝန်ရိုးတစ်ပတ်လည်ပြီး တစ်ချက်ရိုက်ချလိုက်တာက one impact force ဘဲ။ အဲဒီဝင်ရိုးကို speed တစ်ခုနဲ့ အဆက်မပြတ် လှည့်ပေးလိုက်ရင် တစ်မိနစ်အတွင်းမှာ ကတ္တရာသားပေါ် အချက်ရေပေါင်းများစွာ ရိုက်ပေးနိုင်တယ်။ အဲဒီဝင်ရိုးကိုလှည့်ပေးတဲ့ speed က vibration frequency လို့ခေါ်ပြီး Drum ပြန်ကျပြီး ကတ္တရာကို ရိုက်လိုက်တဲ့အချိန်မှာ ကတ္တရာထဲနစ်ဝင်သွားတဲ့ အကွာအဝေးက vibration amplitude လို့ခေါ်တယ်။ အဲဒါတွေအားလုံးကိုခြုံပြီး အလွယ်တကူ vibration force လို့သုံးတယ်။
- နားလည်လွယ်အောင် ဥပမာလေးနဲ့ ပြလို့ရရင် ပြပါဦး။
အလွယ်ဆုံးဥပမာပြရရင် သံရိုက်တာပေါ့ဗျာ။ (ဒီဥပမာမှာ တူရဲ့ moment arm ကိုခဏမေ့ထားလိုက်ပေါ့)။ တူရဲ့ခေါင်းက static weight ပေါ့။ ဘယ်လောက်အကွာဝေးက ရိုက်မလဲ ဆိုတာက amplitude ဖြစ်ပြီး ဘယ်လောက်အကြိမ်ရေ မြန်မြန်ရိုက်မလဲဆိုတာက frequency ပေါ့။ တူရဲ့ weight များရင် သို့မဟုတ် amplitude များရင် ခပ်နက်နက်ရိုက်လို့ရတာပေါ့။ Frequency များရင် ခပ်မြန်မြန် ရိုက်တာပေါ့။
- ဆက်ပါဦး။
Vibration amplitude တွေ frequency တွေ ပေါင်းပြီးဖြစ်လာတဲ့ vibration force တွေက နိုင်လွန်ကတ္တရာသားရဲ့ မျက်နှာပြင်ပေါ်ကို pressure wave တွေအနေနဲ့ စဉ်ဆက်မပြတ် သက်ရောက်စေတယ်။ အဲလိုအဆက်မပြတ်ကျရောက်လာတဲ့ pressure wave တွေကြောင့် နိုင်လွန်ကတ္တရာအရောအနှောအတွင်းမှာပါတဲ့ aggregates တွေရဲ့ bonds တွေကိုကျေပျက်စေပြီး ကျောက်များကိုပိုမိုပူးကပ်စွာနေရာရွေ့စေခြင်းဖြင့် air voids တွေကိုလျော့ချပေးတယ်။ တနည်းအားဖြင့် density တက်လာစေတယ်။
- Amplitude များလေလေ vibration force များလေလေဆိုတော့ compactor တွေမှာ amplitude ပြောင်းလို့ရလား။
ရပါတယ်။ ခေတ်ပေါ် vibratory compactor တွေမှာ two amplitude system, four amplitude system, five amplitude system စသဖြင့် ရှိပါတယ်။ စက်ဝယ်ယူစဉ်ကတည်းက မိမိလိုအပ်သလို ရွေးချယ်နိုင်ပါတယ်။
- Amplitude ပြောင်းလို့ရအောင် စက်ရဲ့အတွင်းမှာ ဘယ်လိုလုပ်ထားတာလဲ။
Amplitude က eccentric weight ပေါ်မှာ မူတည်တယ်။ Eccentric weight များရင် amplitude များမယ်။ eccentric weight နည်းရင် amplitude နည်းမယ်။ အဲဒီတော့ amplitude ပြောင်းချင်ရင် eccentric ရဲ့ weight ကို ပြောင်းပေးခြင်းဖြင့် ရနိုင်တယ်။ Eccentric weight ပြောင်းပုံပြောင်းနည်းတွေက စက်ထုတ်လုပ်သူတွေပေါ်မူတည်ပြီး အမျိုးမျိုးဖြစ်နိုင်တယ်။
- Amplitude နဲ့ ပတ်သက်ပြီး standard range တွေရှိသလား။
ယေဘူယျအားဖြင့် Low, Medium, High ဆိုပြီး amplitude range သုံးမျိုးရှိတယ်။
Low Amplitude Range --> 0.2 ~ 0.5 mm (0.01 ~ 0.02 in)
Medium Amplitude Range --> 0.5 ~ 0.8 mm (0.02 ~ 0.03 in)
High Amplitude Range --> 0.8 mm and above (0.03in and above)
ဥပမာ medium amplitude range ရှိတဲ့ စက်ကိုသုံးပါလို့ ပြောရင် amplitude 0.5 ~ 0.8 mm (0.02 ~ 0.03 in) ကြားထဲဝင်တဲ့ စက်ကိုဘဲ သုံးရမယ်။
- Frequency များလေလေရိုက်ချက်များလေလေဆိုတော့ compactor တွေမှာ frequency ကိုရော ပြောင်းလို့ရလား။
ရပါတယ်။ ခေတ်ပေါ် vibratory compactor တွေမှာ two frequency သို့မဟုတ် variable frequency ဆိုပြီး frequency ကို range တစ်ခုအတွင်းမှာ အမျိုးမျိုးပြောင်းလို့ရတဲ့ options တွေရှိတယ်။ စက်စဝယ်ကတည်းက ရွေးလို့ရပါတယ်။ Frequency ကို eccentric weight တပ်ထားတဲ့ဝန်ရိုးကိုလည်တဲ့ speed ကိုပြောင်းလဲပေးခြင်းဖြင့် အမျိုးမျိုးပြောင်းလဲလို့ရပါတယ်။ Unit အနေနဲ့ VPM (Vibe per minute) သို့မဟုတ် Hz (Cycle/sec) အနေနဲ့ပြတယ်။
- Frequency များရင် ပိုကောင်းတာလား။ အလုပ်လုပ်တဲ့နေရာမှာ ဘယ် frequency ကို သုံးသင့်လည်း။
ဒီနေရာမှာ frequency ဆိုတာထက် ပိုပြီးအရေးကြီးတာက impact spacing ဘဲ။ ရှေ့မှာရှင်းခဲ့သလိုပဲ တစ်ချက်ခြင်းရိုက်တာက impact, နောက်တစ်ချက်ရိုက်ရင် ဒုတိယ impact ။ impact နှစ်ခုကြား အကွာအဝေးက impact spacing ။ စက်ကရပ်နေရင် အဲဒီ impact နှစ်ခုက တစ်နေရာထဲကိုဘဲ ရိုက်နေမှာ။ လမ်းကြိတ်တဲ့အချိန်မှာ စက်က speed တစ်ခုနဲ့မောင်းနေတာ။ အဲဒီတော့ impact spacing က ရိုက်တဲ့ frequency ကြိမ်နှုန်းနဲ့ စက်ရဲ့မောင်းနေတဲ့ propuslion speed ပေါ်မှာမူတည် သွားတယ်။ ဥပမာ fixed frequency 2500VPM ရှိတဲ့ စက်ကို 50 meter/min နဲ့ မောင်းရင် impact spacing က 50 impact per meter (တစ်မီတာမှာ အကြိမ်ရေ ၅၀ ရိုက်နိုင်) ဖြစ်ပြီး 100 meter/min နဲ့ မောင်းရင် impact spacing က 25 impact per meter (တစ်မီတာမှာ အကြိမ်ရေ ၂၅ ရိုက်နိုင်) ဖြစ်မယ်။ အထက်ကဥပမာရဲ့ ပြောင်းပြန်အနေနဲ့ စက်ကို constant speed ထားပြီး frequency ကို လိုက်ပြောင်းရင်လည်း impact spacing ပြောင်းသွားမယ်။
- ဟုတ်ပြီ။ impact spacing ပြောင်းသွားတော့ ဘာဖြစ်နိုင်လဲ။
တချို့ ကအလုပ် မြန်မြန်ပြီးအောင်ဆိုပြီး စက်ကိုအမြန်မောင်းကြတယ်။ စက်မောင်းသူတွေ နဲ့ ကြီးကြပ်သူအင်/ယာတွေ အနေနဲ့ သတိမမေ့ရမှာက လမ်းကြိတ်နေတယ် ဆိုတာဘဲ။ ပြိုင်ကားမောင်းနေတာမဟုတ်ဘူးဆိုတာ သိရမယ်။ impact spacing အရမ်းများသွားရင် မရိုက်မိဘဲ ကျန်တဲ့နေရာတွေက လိုအပ်တဲ့ density ရမှာမဟုတ်ဘူး။ density specification အတိုင်းမှီဖို့ဆိုရင် အခေါက်ရေများများကြိတ်ရမယ်။ Impact spacing များရင် ကတ္တရာလမ်းပေါ်မှာ အကွာအဝေးညီနေတဲ့ impact marks တွေ တွေ့ရမည်။
Impact spacing နည်းလွန်းရင် productivity ကျပြီး ridges တွေတွေ့ရမည်။
- အဲဒါဆို impact spacing ဘယ်လောက်ထားသင့်သလဲ။
အကောင်းဆုံး impact spacing တွေက mat တစ်ခုနဲ့တစ်ခု မတူနိုင်ဘူး။ ဒါပေမဲ့ smooth mat လည်းရရမယ် production လည်းကောင်းဖို့ဆိုရင် rule of thumb အနေနဲ့ 8 ~ 14 impact per foot (26 ~ 46 impact per meter) အတွင်းထားသင့်တယ်။
- Frequency နဲ့ ပတ်သက်ပြီးရော standard range တွေရှိသလား။
ရှိပါတယ်။ ယေဘူယျအားဖြင့် Low, Medium, High ဆိုပြီး frequency range သုံးမျိုးရှိတယ်။
Low Frequency Range --> 40 ~ 47 Hz (2400 ~ 2800 VPM)
Medium Frequency Range --> 47 ~ 57 Hz (2800 ~ 3400 VPM)
High Frequency Range --> 57 Hz and above (3400 VPM and above)
- စက်တွေဝယ်ယူရာမှာ ဒီအကြောင်းအရာလေးတွေနားလည်ထားရင် ပိုကောင်းမှာပေါ့နော်။
ဟုတ်တယ်။ vibration amplitude နဲ့ frequency တွေအကြောင်း သေချာနားလည်ဖို့လိုတယ်။ တော်တော်များများက compactor တွေရဲ့ characterisitics တွေ၊ အသုံးပြုတဲ့ forces တွေ၊ ဘယ်လို အခြေအနေမှာ ဘယ်လို သုံးရမယ်ဆိုတာတွေ မသိတာများတယ်။ ဒီအခြေခံအကြောင်းအရာတွေကို နားလည်မှ စက်ဝယ်ယူရာမှာလည်း မိမိလုပ်ငန်း ပရောဂျက်တွေနဲ့ ကိုက်ညီတဲ့ စက်ကို ဝယ်ယူနိုင်မှာဖြစ်တယ်။
- နိုင်လွန်ကတ္တရာလမ်းကို စခင်းတုန်းကတော့ညီတယ်။ နောက်လမ်းအသုံးပြုပြီး သိပ်မကြာခင်မှာ တွန့်လိမ်ကုန်တာက ဘာဖြစ်လို့လဲ။
တကယ်လို့အောက်ခံ အလွှာတွေဖြစ်တဲ့ subbase တို့၊ asphalt base course တို့၊ asphalt binder course တို့ကို သတ်မှတ်ထားတဲ့ density specification အတိုင်းရအောင် ကြိတ်ထားခဲ့ပြီး အပေါ် wearing course မှာဘဲ အဲလိုတွန့်လိမ်ချိုင့်ခွက်သွားတယ်ဆိုရင် အဲဒီနောက်ဆုံးအလွှာမှာ compaction အပြည့်ရအောင် မကြိတ်ခဲ့လို့ ဒါမှမဟုတ် asphalt mix design မမှန်လို့ တခုခုဘဲ။ တကယ်လို့ အောက်ကအလွှာတွေမှာလဲ compaction မပြည့်ခဲ့ရင်လည်း same results ထွက်မှာဘဲ။ တကယ်လို့ သေချာသိချင်ရင်တော့ အဲဒီလမ်းပေါ်မှာ core extraction လုပ်ပြီး lab ပို့ပြီး density စစ်လိုက်ရင် ဘယ်လောက်ခိုထားတာဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမဲ့ သိသလောက်တော့ မြန်မာနိုင်ငံမှာ နိုင်လွန်ကတ္တရာလမ်းအတွက် density specification နဲ့ roughness specification or smoothness specification တွေ မတွေ့ဖူးသေးဘူး။ အဲဒီ specs တွေမရှိတော့ လမ်းခင်းနေစဉ်နဲ့ ခင်းအပြီးမှာ ဘယ်လိုလုပ်ပြီး quality control လုပ်သလဲ မသိဘူး။ အခု အမြန်လမ်းပြန်ပြီး ပိုးနေတဲ့အခါမှာ လိုအပ်တဲ့ specifications တွေသုံးပြီး တိတိကျကျ စစ်ဆေးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
- Centrifugal force တို့၊ oscillation force တို့ စတာတွေအကြောင်းလည်းပြောပြပါဦး။
နောက်အပိုင်းတွေကြရင် ပြောပြပေးပါမယ်။ အခုဆိုရင် ပြီးခဲ့တဲ့ အပိုင်း (၁) (၂) တွေနဲ့ ပေါင်းလိုက်ရင် ဘာကြောင့် နိုင်လွန်ကတ္တရာလမ်းကို ကြိတ်ရတယ်၊ ဘယ်လိုစစ်ဆေးလို့ရတယ်၊ လမ်းကြိတ်တဲ့စက် အမျိုးအစားတွေနဲ့ အသုံးပြုတဲ့ forces တွေအကြောင်း အတန်အသင့်တော့စုံသွားပါပြီ။ နောက်အပိုင်းတွေမှာ လိုအပ်တဲ့ density ရအောင် ဘယ်လိုကြိတ်ရမယ်။ Operating techniques တချို့နဲ့ compaction patterns တွေအကြောင်း ပြောကြသေးတာပေါ့။ အခုတော့ ခဏနားဦးမယ်။
Credit
ဝိုင်ကေတီ (စက်မှု)




0 comments:

Post a Comment

Disqus Shortname

Comments system