Thursday, November 23, 2017

FE အကြောင်း တစေ့တစောင်း

Finite Element Analysis ကို ကျနော်တို့ တုန်းက undergrad course တွေမှာ မသင်ခဲ့ရဘူး။ အခုတော့ သင်နေပြီလား မသိ။ ၉၄/ ၉၅ ဝန်းကျင်လောက်က ဆိုတော့ ကွန်ပျူတာ ဆိုတာတောင် တကျောင်းလုံးမှာ ၄/ ၅ လုံး နဲ့ မြင်ဖူးရုံလောက် ရှိတာ။


Fortran 77 ကိုတော့ သင်ခဲ့ရသေးတယ်။ ကိုယ်တိုင်ကလဲ အဲဒီ အချိန်မှာ စာ သိပ်မဖတ်တဲ့သူ ဆိုတော့ ဘာမသိ ညာမသိ ပါဘဲ… :D  မှတ်မိတာက စာမေးပွဲမှာ program တပုဒ် ရေးခိုင်းတယ်။ အလွတ်ကျက်ထားတာ ချရေးကြရတယ်။ ဒါဘဲ။


တကယ်တော့ space လေး ပြောင်းရင်တောင် program က run မှာ မဟုတ်ဘဲ error တက်မဲ့ဟာမျိုး။ ဖြစ်သင့်တာက coursework/ assignment မျိုးနဲ့ လုပ်ခိုင်းရမှာ။ အဲဒီ အချိန်က ဆရာတွေလဲ computer နဲ့ ပတ်သက်တဲ့ training လဲ ကောင်းကောင်း မရထားတော့ ဝေဝေဝါးဝါး ဘဲ ထင်ပါရဲ့။


အခုတော့ computer တွေ လဲ လှိုင်လှိုင် ပေါနေပြီ။ software တွေလဲ မြန်မာငွေ ၁၅၀၀ နဲ့ ခိုးကူးတွေ ကြိုက်သလောက် ဝယ်လို့ရနေပြီ ဆိုတော့ နောက်ပိုင်း လူငယ်တွေ တော်တော်များများ က computer analysis တွေနဲ့ ကျနော်တို့ တုန်းကထက် ပို ရင်းနှီးလာကြတယ်။ အားရစရာဘဲ။ ဒါပေမဲ့ သိသင့်သိထိုက် တဲ့ limitation တွေ သိရဲ့လား ဆိုတာတော့ မေးခွန်းထုတ်စရာ ဖြစ်နေအုံးမယ် ထင်မိတယ်။


အရင်တုန်းက structural analysis မှာ သုံးခဲ့ကြတဲ့ နည်းစနစ်တွေ ဆိုတာက engineering formula တွေ ထုတ်ပြီး တွက်ထုတ်ယူတာဘဲ။ simple analytical form ရောက်သွားအောင် ရှင်းထုတ် ယူလိုက်တယ်၊ အဲဒီကမှ ခေတ်အဆက်ဆက် သက်သေပြ တွက်ထုတ်လာတဲ့ formula တွေနဲ့ တွက်ချက် ယူတယ်။ အားနည်းချက်က complex geometry အတွက်ဆို safe side ယူရတဲ့ အတွက် conservative method ဖြစ်တယ် လို့ ဆိုနိုင်တယ်။


အဲဒါကို ပိုပြီး တိတိကျကျ ဖြစ်အောင် လေ့လာလာကြပြီး အသုံးများလာတာက Finite Element Analysis ဘဲ။ ၁၉၆၀ ကျော်ကျော် ကမှ စပြီး develop လုပ်လာတာ ဆိုတော့ အရင်က အင်ဂျင်နီယာကြီးတွေ သိပ်မရင်းနှီးတဲ့ အပြင် လက်ခံဖို့ နည်းနည်းတွန့်တယ်။ မယုံရဲတဲ့ သဘောပေါ့။ တခုခု ဖြစ်ရင် သူက designer ဆို ထိမှာက သူ လေ။


FE နဲ့ ပတ်သက်ရင် ၆၀ ဝန်းကျင် နှစ်တွေမှာ research လုပ်ခဲ့တဲ့ Clough, Zienkiewicz, Cheung တို့က ဆရာ ကျတယ်။ pioneer တွေပေါ့။ FE analysis က တကယ်တမ်း ဆိုရင် Building Structure ထက် ပိုရှုပ်ထွေးတဲ့  aero နဲ့ mechanical အတွက် ပိုပြီး အသုံးဝင်တယ်။ flat plate နဲ့ ပတ်သက်ရင် Wood & Armer က နံမည်ကြီး။ ရလာတဲ့ FE result ကို reinforcement ဘယ်လို ထည့်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အခုထိ သုံးနေရတုန်း။


Finite Element Method (FEM) ကို အတိုချုပ်ပြောရရင် analyse လုပ်ချင်တဲ့ structure ကို 1D/ 2D/ 3D element အမျိုးအစား အသီးသီး လုံလောက်တဲ့ အသေးဆုံး ပမာဏထိ စိတ်ပိုင်း လိုက်တယ်။ ပြီးတော့ material properties သတ်မှတ်၊ loading ပေး၊ support တွေကို fixed လား pinned လား စတဲ့ degree of freedom ကို limit လုပ်တဲ့ boundary condition သတ်မှတ်ပြီး numerical method နဲ့ တွက်ထုတ်တာဘဲ။


node တွေ နဲ့ ချိတ်တွဲထားတဲ့ element သေးသေးလေးတွေဟာ ပေးထားတဲ့ loading ကြောင့် ရွေ့သွားတယ်။ displacement  ဖြစ်လာတယ်ပေါ့။ ရွေ့သွားတဲ့ အရွေ့ ကနေ strain တွက်ထုတ်လို့ ရတယ်။ strain ကနေ stress တွက်ထုတ်ယူတယ်။ Hooke’s Law ကို သုံးတယ်။


အဲဒီလို တွက်ရာမှာ လက်နဲ့ တွက်ရင် ၁လ ကိုးသီတင်းတွက်တောင် မရနိုင်တဲ့ matrix အကြီးကြီး တွေ ကို သုံးပြီး စက္ကန့်ပိုင်း နဲ့ ရှင်းထုတ်ပြီး တွက်ယူတယ်။ ပြီးတော့ stress တွေ ကို element တွေ ကြားထဲ ခွဲဝေသွားတာမှာ ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက်ဆိုပြီး တွက်သွားတာဘဲ။ detail သိချင်ရင် FE စာအုပ် တအုပ်သာ ဖတ် လိုက်တော့.. background theory ဘယ်လို ဆိုတာ ကျော်လိုက်မယ်။

(ပိုင်တယ်နော်.. မည်သို့ လုပ်လိုက်သည် မသိ .. FEM ကို ရှင်းပြစ်တာ… :D )


ရလာတဲ့ stress ကနေမှ design အတွက် လိုတဲ့ force/ moment တွေကို ဆက်တွက်ယူတယ်။  analysis result ကနေမှ တဆင့် သက်ဆိုင်ရာ နိုင်ငံ အလိုက် Code တွေ က limitation တွေ formula တွေနဲ့ ချိတ်ပြီး complete design ကို ဆက်ထုတ်ပေးတယ်။ ဒါက FE software တွေ အကြမ်းဖျင်း အလုပ်လုပ်ပုံ။


ပြောရရင် ခေတ်အဆက်ဆက် က တွက်ထုတ်လာတဲ့ engineer formula တွေကလည်း simplify လုပ်ထားတဲ့ approximation method တွေ ဖြစ်သလို လုံးဝ ကွဲပြားခြားနားတဲ့ numerical method ကို အခြေခံထားတဲ့ Finite Element Analysis/ Method ကလဲ approximation method ဘဲ။  FE မှာ အားသာချက် က complex geometry ကို analyse လုပ်လို့ရတယ်။ meshing မှာ မျိုးစုံ ကစားပြီး accuracy ကို ဆွဲတင်လို့ရတယ်။


ဒါပေမဲ့ FE program တခုမှာ design လုပ်တာမှာ user input မှားနေရင် accuracy တက်မလာတဲ့ အပြင် လုံးဝ မှားတာနေတာတောင် ဖြစ်နိုင်တယ်။ result တွေက စာမျက်နှာ ၁၀၀ လောက် ထုတ်ပေးနေမှာ ဆိုတော့ မှားလို့ မှားမှန်းလဲ အလွယ်တကူ မသိနိုင်ဘူး။


ဒါကြောင့် FE process မှာ အရေးကြီးတဲ့ အပိုင်းက nodes တွေ နဲ့ တွဲစပ်ပြီး တွက်ယူရတာမို့ meshing မှန်ဖို့ လိုတယ်။ ဘယ်လို လုပ်မလဲ ဆိုတာကတော့ သုံးတဲ့ software ပေါ်မှာ မူတည်ပြန်တယ်။ ဒုတိယက  boundary condition က ကိုယ်လိုချင်တဲ့ structural analysis ကို ကိုယ်စားပြု မပြု သိဖို့လိုတယ်။ restraints မှာ degree of freedom မှန်မှန်ကန်ကန် ဖြစ်ဖို့ လိုတယ်ပေါ့ဗျာ။ တတိယက applied loading နဲ့ ပေးတဲ့ ပုံစံ မှန်ဖို့ လိုတယ်။ node တည့်တည့်မှာ ပေးရတဲ့  point load, nodal moment စတဲ့ result က peak တွေ ထွက်တတ်တယ်။ software တွေမှာ peak smoothing function ပါလေ့ရှိတယ်။


အဓိက ကျတဲ့ အဲဒီ ၃ ခု မှန်လို့ stress မှန်မှန်ကန်ကန် ထွက်ပြီ ဆိုရင်တော့ ကျန်တဲ့ အပိုင်းက အပေါ်မှာ ပြောသလိုဘဲ ကိုယ်ရွေးထားတဲ့ code က equation တွေနဲ့ ဆက်သွားတော့တာ။ ကိုယ်ဘာသာ analysis က result ဆွဲထုတ်ပြီး လက်နဲ့ ချတွက်လည်း အတူတူပါဘဲ။


ဒါကလည်း finite element ကို သုံးတဲ့ software တွေ အတွက် သတိထားရမဲ့ ၃ ချက်ပေါ့လေ။ တချို့ software လေးတွေက FE ကို အခြေခံမထားဘဲ equation တွေကို နောက်က program ဆောက်ပြီးတွက်ပေးတာမျိုး တွေဆိုရင် သိပ် ပူစရာ မရှိပါဘူး။


တော်တော်များများ FE software တွေကလည်း user friendly ဖြစ်အောင် လုပ်ပေးလာတော့ အဲဒီ အပိုင်းတွေကိုတောင် template ပုံစံ program default setting တွေနဲ့ run လာတာရှိတယ်။ user friendly တော့ တော်တော် ဖြစ်အောင် လုပ်ထားတော့ analysis အတွက် flexible မဖြစ်တာလဲ ရှိနိုင်တယ်။


အခုနောက်ပိုင်းမှာ အပြင်မှာ software အသုံးများလာတာမှာ အင်ဂျင်နီယာ လူကြီးပိုင်း အနေနဲ့ သဘောမကျတဲ့ အချက်တွေ ရှိတယ်။ software အားကိုးတာ များတော့ engineering theory ကို မသိတော့မှာ စိုးရိမ်လာကြတယ်။ calculator ပေါ်လာစ အချိန်မှာ ကလေးတွေ လက်တွက် မတွက်တတ်တော့မှာ စိုးရိမ်သလိုပေါ့။


ကျောင်းတက်ရတဲ့ limited period အတွင်း အခြေခံ သီအိုရီ သင်ပေးတော့ အင်္ဂလိပ်စာ နဲ့ ပတ်သက်တဲ့ note ထဲ ရေးထားသလိုဘဲ ဘာသာရပ် တခုကို ၂ လလောက် အတွင်း ရိုက်သွင်းရတယ်။ professional life တခုလုံးနဲ့ ယှဉ်ရင် ဒါဟာ intensive training သဘောလောက်ဘဲ သက်ရောက်ပါတယ်။


ဒါကြောင့် ကျောင်းသားကို ဘယ်ဟာ အရေးကြီးလဲ၊ ဘယ်လောက် သင်မလဲ၊ ဘယ်လို သင်မလဲ၊ သင်လိုက်တာကို အပြင်လောက မှ သုံးလို့ ရတဲ့အဆင့်ရောက်သွားအောင် ဘာတွေ ပေးလွှတ်လိုက်မလဲ ဆိုတာက တော့ သင်ရိုးညွန်းတမ်းတွေမှာ ချိန်ညှိရမဲ့ ကိစ္စ ဖြစ်လာတယ်။


UK ကျောင်းတွေကတော့ hand calculation တွေမှာ simple exercise တွေ နဲ့ theory ပိုင်း concept နားလည်ရုံ လောက်ဘဲ လုပ်ခိုင်းတယ်။ ဟိုးအရင်လို ရှုပ်ထွေးပွေလီတဲ့ exercise တွေ မလုပ်ခိုင်းတော့ဘူး။ Design စာအုပ် မှာလဲ အဲဒီ approach မျိုးဘဲ.. ဥပမာ Dr Chanakya Arya ရဲ့ Design of Structural Elements စာအုပ်ဆို သိပ် သိသာတယ်။ theory ပြောတယ်၊ အဲဒီ theory သုံးထားတဲ့ very simple example တခု ချပြလိုက်တယ်၊ ဒါဘဲ။


ပြီးတော့ FE theory အခြေခံတွေ၊ computer analysis တွေရဲ့ အခြေခံ သဘောတရားတွေ၊ engineering theory ကို computer analysis နဲ့ ဘယ်လို ဆက်စပ် applied လုပ်မလဲ ဆိုတာတွေ၊ အားသာချက် အားနည်းချက်တွေ ကို သိအောင် assignment/ coursework တွေနဲ့ အပြင်မှာ ခြေချမဲ့ ဘွဲ့ကြို ဘွဲ့ရ ကျောင်းသားတွေ အတွက် ပြင်ဆင်ပေးတာမျိုး လုပ်လာကြတယ်။ ဒီဘက်က ပြောင်းလဲလာတဲ့ syllabus ပေါ့။


FE အကြောင်း တစေ့တစောင်း ကတော့ ဒီအပိုင်းမှာ ဒီလောက်နဲ့ဘဲ ရပ်လိုက်မယ်။ သိပ်များသွားရင် ပျင်းသွားမယ် ထင်တယ်။

Credit
Min Zaw
 
https://www.facebook.com/notes/min-zaw/fe-%E1%80%A1%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%90%E1%80%B1%E1%80%85%E1%80%B7%E1%80%90%E1%80%B1%E1%80%85%E1%80%AC%E1%80%84%E1%80%B9%E1%80%B8/551530038249189/

0 comments:

Post a Comment

Disqus Shortname

Comments system