Saturday, October 18, 2014

အယူအဆအလွဲများ(၁၁) ငလျင် (earthquake) နဲ့ ပတ်သက်တဲ့ အလွဲများ

ငလျင် (earthquake) နဲ့ ပတ်သက်တဲ့ အလွဲများ

လူတော်တော်များများက ငလျင်ဒဏ်ခံ အဆောက်အဦဆိုရင် ငလျင်လှုပ်ရင် လုံးဝပျက်ဆီးမှုမရှိရဘူးလို့ မှတ်ယူတတ်ကြပါတယ်။ နောက် ငလျင်ဒဏ်ခံနိုင်မှုကို ရစ်တာစကေးဘယ်လောက်ခံနိုင်သလဲ  ဆိုတာနဲ့ မှတ်သားထားချင်ကြပါတယ်။

ငလျင်ဒဏ်ခံအောင် ဆောက်တယ်ဆိုရာမှာ အားပျော့တဲ့ငလျင်မှာ ပျက်ဆီးမှု မရှိအောင်၊ အားအသင့်အတင့်မှာ ပျက်ဆီးမှုတွေကို ပြန်လည်ပြင်ဆင်ပြီးနေနိုင်အောင်၊ အားပြင်းတဲ့ငလျင်မှာ လူ့အသက်မဆုံးရှူံးပဲ မပြိုကျအောင် ဆိုပြီးရည်ရွယ်တာပါ။ လုံးဝပျက်ဆီးဆုံးရှူံးမှုမရှိစေရဆိုတာမျိုး မဟုတ်ပါ။ အဓိကကတော့ လူ့အသက်ကို တန်ဖိုးထားကာကွယ်တာပါ။ Engineering ပိုင်းကလူတွေအတွက် ဆက်ပြောရရင်တော့

ငလျင် design (earthquake deign philosophy) ဆိုတာ
(က) အားပျော့တဲ့ငလျင် (အကြိမ်အရေများ၊ ရံဖန်ရံခါလှုပ်) မှာ အဓိကအစိတ်အပိုင်းတွေ မပျက်စီးစေရပါ၊ အဓိကမဟုတ်တဲ့ အစိတ်အပိုင်းတွေ ပြန်လည်ပြင်နိုင်ရုံ ပျက်စီးနိုင်ပါတယ်။
(ခ) အားအသင့်အတင့် ငလျင် (အကြိမ်အရေအသင့်အတင့်၊ 10% per 50 yr) မှာ အဓိကအစိတ်အပိုင်းတွေ ပြန်လည်ပြင်နိုင်ရုံ ပျက်စီးနိုင်ပါတယ်၊ ကျန်အစိတ်အပိုင်းတွေ ပျက်စီးတာပြန်လည်လဲလှယ်နိုင်ပါတယ်။
(ဂ) အားပြင်းတဲ့ငလျင် (အကြိမ်အရေရှားပါး၊ 2% per 50 yr) မှာ အဓိကအစိတ်အပိုင်းတွေ ပြင်းပြင်းထန်ထန် ပျက်စီးနိုင်ပါတယ် မပြိုကျစေရပါ။

အခုနောက်ပိုင်းတော့ ငလျင်ဒဏ်ခံမှုကို Performance level နဲ့ပြလာပါတယ်။
Performance Levels of Structure
1) Operational (အနေအထားမပျက် နေမြဲတိုင်းနေလို့ရတယ်။ လဲလှယ်လို့ရတဲ့ ဆုံးရှူံးမှု ၅% အောက်)
2) Immediate Occupancy (ချက်ချင်းနေလို့ရတယ်။ Function တော့ အဆင်ပြေချင်မှပြေမယ်။  ဆုံးရှူံးမှု ၁၅% အောက်)
3) Life Safety (ထိခိုက်မှုတွေရှိတယ်။ ပြင်ဆင်မှုတွေမလုပ်ပဲ ပြန်နေလို့မရဘူး။  ဆုံးရှူံးမှု ၃၀% အောက်)
4) Collapse Prevention (အကုန်လုံးနီးပါး ပျက်ဆီးကုန်တယ်။ ပြိုတော့မပြိုဘူး။ ဆုံးရှူံးမှု ၃၀% အထက်)
အားပျော့တဲ့ငလျင် အတွက် Operational နဲ့ Immediate Occupancy Level မှာပဲရှိရပါမယ်။
အားအသင့်အတင့် ငလျင် အတွက် Life Safety Level မှာပဲရှိရပါမယ်။
အားပြင်းတဲ့ငလျင် အတွက် Collapse Prevention Level မှာပဲရှိရပါမယ်။



ငလျင်ဒဏ်ခံနိုင်မှုကို ရစ်တာစကေးနဲ့ ဘယ်လောက်ခံနိုင်သလဲဆိုပြီး ရစ်တာစကေးနဲ့တွဲမှတ်ချင်ကြတာနဲ့ ပတ်သက်လို့တော့ အောက်ပါအကြောင်းအရာတွေကို လိပ့်ပတ်လည်အောင် ဖတ်ပေးပါ။
ငလျင်ရဲ့ ပမာဏနဲ့ပြင်းအား (magnitude & intensity)
ရစ်တာစကေးဘယ်လောက် ဆိုတာ ငလျင်ရဲ့ ပမာဏ(magnitude) ကိုပြောတာပါ။ ငလျင်ရဲ့ဗဟိုချက် (epicenter) နဲ့ အနီးအဝေးပေါ် လိုက်ပြီး မပြောင်းလဲပါ။ ဥပမာ ၀ပ် ၄၀ မီးချောင်းဟာ နီးနီးဝေးဝေး ၀ပ် ၄၀ ပါပဲ။ အကွာအဝေးပေါ် လိုက်ပြီး မပြောင်းလဲပါ။
intensity ဆိုတာက ငလျင်ဒဏ်ခံစားရမှုကို ပြဆိုပါတယ်။ မာကာလီ (Mercalli) နဲ့ပြမယ်၊ ground accelerationနဲ့ပြမယ်။ ဥပမာ ၀ပ် ၄၀ မီးချောင်း နဲ့ အနီးအဝေးပေါ် မူတည်ပြီး light intensity (lumens နဲ့တိုင်းတာ) ပြောင်းလဲနေပါတယ်။
တူညီတဲ့ ငလျင်မှာ ပမာဏ(magnitude) ဥပမာရစ်တာစကေးက တူညီပြီး၊ ငလျင်ဒဏ်ခံစားရမှု (intensity ) က အကွာအဝေးပေါ် လိုက်ပြီး မတူညီပါ။  ၀ပ် ၄၀ မီးချောင်းဥပမာလိုပါပဲ  ၀ပ် ၄၀ ဆိုတာ ပမာဏ(magnitude)  နီးနီးဝေးဝေး ၀ပ် ၄၀ ပါပဲ။ အကွာအဝေးပေါ် လိုက်ပြီး မပြောင်းလဲပါ။ အနီး အဝေး အကွာ အဝေးပေါ်လိုက်ပြီး လင်းအားကကွာသွားပါတယ်။ Intensity ကွာသွားတယ်ပြောရပါမယ်။
ဒါကြောင့် ငလျင်ပြင်းအား ရစ်တာစကေး ဘယ်လောက်ခံနိုင်ပါတယ် ဆိုတာ အတိအကျ ပြောမရနိုင်ပါ။ အနီးစပ်ဆုံး အကြမ်းဖျင်းသာ ပြောလို့ရမှာပါ။ ငလျင်ရဲ့ဗဟိုချက် (epicenter) နဲ့ အနီးအဝေးမှာ အရေးကြီးပါသည်၊ ရစ်တာစကေးမှာ magnitude သာဖြစ်ပါသည်၊ intensity အနေဖြင့် မာကာလီ (Mercalli) ဘယ်လောက် ground acceleration ဘယ်လောက်ခံနိုင်ပါတယ် လို့သာ ပြောလို့ရမှာပါ။
Structure Engineer တွေ ငလျင်ဒဏ်ခံ design တွက်ရာမှာ ရစ်တာစကေးနဲ့ မပြောပါ (မတွက်ပါ)။ ငလျင်ဒဏ်ခံစားရမှု ( intensity) အနေနဲ့ သာ ခံစားရမှု အနဲအများအလိုက် နေရာအလိုက် (Ygn, Mdy စသည်) ပြင်းအား zone သတ်မှတ်ချက်အတိုင်း ground acceleration နဲ့သာတွက်ပါတယ် (တခြားနည်းများလည်းရှိပါတယ်)။ သတ်မှတ်ချက်အရ Ygn Zone IIA, Mdy ဆို Zone IV (UBC code), 0.4g နဲ့တွက်ပါတယ်။ Zone 0-4 မှာ အပြင်းဆုံး zone4 ပါ။
(ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment

Disqus Shortname

Comments system