Saturday, October 18, 2014

အယူအဆအလွဲများ(၁၀) Shear wall နဲ့ ပတ်သက်တဲ့ အလွဲများ

Shear wall နဲ့ ပတ်သက်တဲ့ အလွဲများ

အထပ်မြင့်အဆောက်အဦတွေမှာ (မြန်မာပြည်မှာတော့ ၆ ထပ်နဲ့အထက်ကို အရပ်အခေါ် အထပ်မြင့်လို့ သုံးနှုန်းပါတယ်။ ဒီ note မှာတော့ အရပ်သုံးကိုပဲ ရည်ညွှန်းပါတယ်) ဓာတ်လှေကားနံရံတွေကို shear wall တွေမလောင်းထားရင် ဘာလို့ shear wall မထည့်တာလဲ ဆိုပြီး shear wall မပါရင်ပဲ ဓာတ်လှေကားတပ်လို့ မဖြစ်တော့မဲ့ ပုံစံနဲ့ ပြောတတ်ကြပါတယ်။ နောက်ပြီး shear wall မပါရင်ပဲ (၈)ထပ်၊ (၁၀)ထပ် ဆောက်မရတော့မဲ့ပုံစံ (ခိုင်ခန့်မှုမရှိတော့မဲ့ပုံစံ) နဲ့ ပြောတတ်ကြတယ်။ နောက် သံကူကွန်ကရစ် wall တိုင်း shear wall လို့ အောက်မေ့တတ်ကြတယ်။

၁) သံကူကွန်ကရစ် wall တိုင်း shear wall မဟုတ်ပါ။ အဆောက်အဦ Basement တွေမှာ မြေကာနံရံအဖြစ်သုံးတဲ့ retaining wall  ကို shear wall လို့အမှတ်မှားကြပါတယ်။ Retaining wall က မြေကာဖို့သုံးတာပါ။ Shear wall တွေကိုတော့ Earthquake နဲ့ wind ကြောင့်ဖြစ်တဲ့ Lateral force ကို ထိန်းဖို့အတွက် သုံးပါတယ်။ ။ Retaining wall က  Ground Floor အထိပဲပါပါတယ်။ Ground Floor အပေါ် မပါတော့ပါဘူး။ Shear wall တွေကတော့ အဆောက်အဦအပေါ်ဆုံးအထပ်ထိပါပါတယ်။

၂) Shear wall တွေကိုတော့ Earthquake နဲ့ wind ကြောင့်ဖြစ်တဲ့ Lateral force ကို ထိန်းဖို့အတွက် သုံးပါတယ်။

၃) Shear wall တွေက Frame member တွေထက် lateral force အပေါ်တုန့်ပြန်မှုအား ပိုကောင်းပါတယ်။

၎) အဆောက်အဦ အထပ်(၂၀) အတွင်းတော့ Shear wall တွေကို ရွေးချယ်စရာတစ်ခု အနေနဲ့ပဲသုံးနိုင်ပါတယ်။ ဆိုလိုချင်တာက shear wall သုံးတာနဲ့ အခြားမသုံးတာတွေနဲ့ နှိုင်းယှဉ်ပြီး သက်သာရင်သုံး မသက်သာရင် မသုံးနဲ့။ ဒါပေမယ့် အထပ်(၃၀)အထက်ဆိုရင်တော့ shear wall ပါမှသာ ကုန်ကျစရိတ်သက်သာတဲ့ အတွက်နဲ့ lateral deformation အတွက် shear wall ကို ရွေးချယ်ကြရပါလိမ့်မယ်။

၅) Shear wall ထည့်ရမယ့်နေရာကတော့ architectural design နဲ့ညှိပြီး ထည့်ရမှာဖြစ်ပါတယ်။ ဓာတ်လှေကားခန်းတွေမှာက shear wall ထည့်ဖို့ ဟန့်တားတဲ့အချက်တွေ မရှိတဲ့အတွက် shear wall လိုအပ်တဲ့အခါ အဲဒီနေရာတွေမှာထည့်ကြတာပါ။ ဓာတ်လှေကားတတ်ဆင်နိုင်ဖို့ လိုအပ်ချက် အနေနဲ့ ထည့်တာမဟုတ်ပါ။

၆) Shear wall သုံးမယ်ဆိုရင် တတ်နိုင်သမျှ များများ တနေရာထဲ စုပြုံမနေပဲ ဖြန့်ထည့်ရပါမယ်။ ဖြစ်နိုင်ရင် အချိုးညီညီကို direction နှစ်ဖက်လုံးအတွက် ထည့်ရပါမယ်။ ဒါမှ အဆောက်အဦပေါ် torsion ၀န်မပိမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ တနေရာတည်းပဲ ထည့်မယ် ဘက်မမျှဘူးဆိုရင်တော့ shear wall မပါတာထက်ကို ပိုမိုဆိုးရွားစေမှာပါ။
ဒါတွေက shear wall နဲ့ ပတ်သက်တဲ့ background ပါ။ အထပ်မြင့်လို့ပြောတဲ့ (၆)ထပ်အထက် (၁၀)ထပ်၊ (၁၂)ထပ်လောက်မှာ shear wall ထည့်ဖို့အဆင်မပြေတဲ့နေရာမျိုး၊ ထည့်လို့ရနိုင်တဲ့နေရာတွေကလည်း ပိုဆိုးရွားစေတဲ့အခါမျိုး၊ shear wall ထည့်တာက မထည့်တာထက် ကုန်ကျစရိတ်များတဲ့အခါမျိုးတွေမှာ shear wall ကိုမသုံးသင့်ပါဘူး။

(ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment

Disqus Shortname

Comments system