Introduction to Earthquake Engineering
How Earthquake Occurs and How Buildings are destroyed
ကမ္ဘာ့မြေ အပေါ်ယံလွှာဟာ Plate ပြား အကြီးတွေနဲ့ ပုံ (၁) ပါအတိုင်း ဖွဲစည်း တည်ဆောက် ထားပါတယ်။ အဲဒီ Plates တွေကို Tectonic Plates တွေလို့ခေါ်ပြီး ကမ္ဘာမြေလည်ပတ်မှုနဲ့ ကမ္ဘာ့အတွင်းပိုင်းက ကျောက်ရည်ပူတွေရဲ့ စီးဆင်းမှုအားတွေက ဒီ Tectonic Plate တွေကို ရွေ့လျားမှုနဲ့ တစ်ခုနဲ့တစ်ခု တွန်းကန်ပွတ်ဆွဲတာမျိုးတွေ ဖြစ်ပေါ်စေပါတယ်။ သူတို့ရဲ့ အနားသတ်နေရာတွေမှာ ပွတ်တိုက်မှုအားက plate တစ်ခုနဲ့တစ်ခု ရွေ့လျားမသွားနိုင်အောင် ချုပ်ထား Lock လုပ်ထားတဲ့ပုံစံမျိုး ဖြစ်ပေါ်နေပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ရာထောင်ချီ ကြာလာတဲ့အခါ အဲဒီ plate ပြားတွေရဲ့ အနားသတ်နေရာတွေမှာ stress အားတွေ ဖြစ်ပေါ်လာပါတယ်။ ရံဖန်ရံခါမှာ ဒီ Stress အားတွေဟာ ချုပ်ထားတဲ့ ပွတ်တိုက်မှု friction အားတွေကို ကျော်လွန်တာ၊ ဒါမှမဟုတ် ကျောက်လွှာရဲ့ ခံနိုင်ရည်အားတွေကို ကျော်လွန်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ အဲဒီ overstress ဖြစ်တဲ့နေရာတွေမှာ ကျောက်လွှာတွေပြတ်ထွက်ကုန်ပြီး Stress တွေကနေ သိုလှောင်ထားတဲ့ စွမ်းအင်တွေကို ထုတ်လွှတ်တာမျိုးဖြစ်ပေါ်ပြီး ငလျင် ဖြစ်ပေါ်စေပါတယ်။
ငလျင်အများစုဟာ Plate တွေရဲ့အနားသတ်နေရာ သို့မဟုတ် ရှေးတုန်းက ငလျင်တွေကြောင့် ကမ္ဘာ့မျက်နှာပြင် ပြတ်ထွက်ခဲ့တဲ့ နေရာမျိုးတွေမှာ ဖြစ်လေ့ရှိကြပါတယ်။ ဒီနေရာတွေကိုတော့ ပြတ်ရွေ့ကြောင်း Fault လို့ခေါ်ကြပါတယ်။ ဒီပြတ်ရွေ့ကြောင်းတွေဟာ Plate အနားသတ်တွေမှာ ဖြစ်လေ့ရှိကြပေမယ့် တခါတရံမှာ Plate အတွင်းပိုင်းမှာလဲ ဖြစ်တတ်ကြပါတယ်။
အနာဂတ်ကာလမှာ ဖြစ်ပေါ်နိုင်တဲ့ငလျင်တွေဟာ ပြတ်ရွေ့ကြောင်းရှိတဲ့နေရာတွေမှာ ဖြစ်ပေါ်နိုင်ခြေ အများဆုံးရှိကြပါတယ်။ ဒါပေမယ့်လဲ ကမ္ဘာမြေပြင်ပေါ်မှာ ဖြစ်ပေါ်နေတဲ့ Stress ပုံစံတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲနေပြီး မကြာခဏဆိုသလို ပြတ်ရွေ့ကြောင်းအသစ်တွေလဲ ဖြစ်ပေါ်တတ်ပါတယ်။
ငလျင်လှုပ်တဲ့အခါမှာ ကမ္ဘာ့မြေမျက်နှာပြင်ပေါ် သို့မဟုတ် ကီလိုမီတာပေါင်းများစွာအနက်တွေမှာ ကျောက်သားတွေ ပြတ်ထွက်တာမျိုး ဖြစ်ပေါ် တတ်ပါတယ်။ ဒီပြတ်ထွက်မှုတွေ မြေမျက်နှာပြင်ပေါ်အထိရောက်လာတဲ့အခါ မြေပေါ်မှာ အလျားလိုက်ပြတ်ရွေ့ကြောင်း၊ သို့မဟုတ် ဒေါင်လိုက်ပြတ်ရွေ့ကြောင်းတွေအနေနဲ့ တွေ့ရတတ်ပါတယ်။
ပုံ (၂) တော့ မြေမျက်နှာပြင်ပေါ်မှာ မြင်တွေ့နိုင်ရတဲ့ ပြတ်ရွေ့ကြောင်းပုံတွေ တွေ့နိုင်ပါတယ်။
ဒီလို မြေကြီးပြတ်ရွေ့မှုကြောင့် ဖြစ်ပေါ်တဲ့ အားတွေဟာ အလွန်ကြီးမားပြီး ဒီ ပြတ်ရွေ့ကြောင်းဖြစ်ပေါ်နိုင်တဲ့နေရာမှာ အဆောက်အအုံကိုမပျက်စီးပဲ ခံနိုင်ရည်ရှိအောင် ဒီဇိုင်းလုပ်ဖို့ အလွန်ခက်ခဲပါတယ်။ ဒီမြေလွှာပြတ်ရွေ့ကြောင်းတွေကြောင့် ဖြစ်လာတဲ့ ပျက်စီးမှုကိုကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ အဆောက်အအုံဆောက်တဲ့အခါ သိထားတဲ့ အသက်ဝင်နေသေးတဲ့ မြေလွှာပြတ်ရွေ့ကြောင်းနေကာတွေကို ရှောင်ရှားဖို့ပဲ ဖြစ်ပါတယ်။ ပြတ်ရွေ့ကြောင်း အသက်ဝင်နေသေးတယ်ဆိုတာက လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သောင်းအတွင်း လှုပ်ရှားမှုရှိခဲ့တယ်လို့ အထောက်အထားရှိပါက အသက်ဝင်နေသေးတယ်လို့ ယူဆနိုင်ပါတယ်။
ပုံ (၃) နဲ့ (၄) မှာ ငလျင်ကြောင့် မြေမျက်နှာပြင်မှာ ပြတ်ရွေ့ကြောင်းတွေ ဖြစ်ပေါ်လာတာ တွေ့နိုင်ပါတယ်။
ငလျင်ဖြစ်ပေါ်တဲ့အခါ စွမ်းအင်ထုတ်လွှတ်မှုတွေဟာ ကွဲအက်သွားတဲ့ ကျောက်သားရှိတဲ့ နေရာဆီကနေ အဘက်ဘက်ကိုပြန့်နှံ့သွားတဲ့ လှုပ်ရှားတုန်ခါမှုပုံစံအနေနဲ့ ဖြစ်ပေါ်လေ့ရှိပါတယ်။ ကမ္ဘာ့မြေမျက်နှာပြင်ပေါ်မှာ ဒီလှုပ်ရှားတုန်ခါမှုတွေကို မြေမျက်နှာပြင်လှုပ်ရှားမှုတွေအနေနဲ့ သိရှိခံစားရပါတယ်။ ဒီမြေမျက်နှာပြင် လှုပ်ရှားမှုတွေဟာ သေးငယ်တဲ့ ငလျင်တွေအတွက် စက္ကန့်အနည်းငယ်ကနေ ကြီးမားတဲ့ ငလျင်တွေအတွက်ဆိုရင် မိနစ်ပေါင်းများစွာအထိ ဖြစ်ပေါ်နိုင်ပြီးတော့ ငလျင်ကြောင့် ဖြစ်ပေါ်တဲ့ ပျက်ဆီးဆုံးရှုံးမှု ၉၀ ရာခိုင်နှုန်းကျော်ဟာ ဒီလှုပ်ရှားမှုတွေကြောင့် ဖြစ်ပေါ်တာဖြစ်ပါတယ်။
မြေမျက်နှာပြင် လှုပ်ရှားခြင်းဟာ အဆောက်အအုံတွေကို တိုက်ရိုက်ပျက်စီးစေတဲ့အပြင် မြေမျက်နှာပြင် ပျက်စီးခြင်းမျိုးစုံကိုလဲ ဖြစ်ပေါ်စေပြီး အဲဒီဖြစ်ရပ်တွေကြောင့်လဲ အဆောက်အအုံကို ပျက်စီးစေနိုင်ပါသေးတယ်။ ဖြစ်ပေါ်မှုအများဆုံး မြေမျက်နှာပြင်ပျက်စီးမှု (Ground Failure) တစ်ခုက Land Slide လို့ခေါ်တဲ့ မြေပြိုခြင်းပဲဖြစ်ပါတယ်။
ငလျင်လှုပ်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ မြေပြိုကျမှုတွေဟာ ပုံမှန်အားဖြင့် သိပ်သည်းခြင်းနည်းပြီး မတ်စောက်တဲ့ကုန်းစောင်းနေရာတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ ပုံ (၆) မှာ မြေငလျင်ကြောင့် ဖြစ်ပေါ်တဲ့ မြေပြိုကျမှုကြောင့် အဆောက်အအုံတစ်ခုလုံး ပျက်စီးသွားတာ တွေ့နိုင်ပါတယ်။
ငလျင်ကြောင့်ဖြစ်တတ်တဲ့ နောက်ထပ် မြေမျက်နှာပြင်ပျက်စီးမှုပုံစံတစ်မျိုးက Soil Liquefaction လို့ခေါ်တဲ့ မြေသားပျော်ဝင်မှုပဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်မျိုးဟာ သိပ်သည်းမှုနည်းပြီး ရေပြည့်ဝနေတဲ့ သဲမြေ၊ နှုန်းမြေ စတာတွေကိုပြင်းထန်စွာ တုန်ခါတဲ့အခါမှာ ဖြစ်ပေါ်တတ်ပါတယ်။
ဒီဖြစ်ရပ်မှာ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေက မြေသားတွေကို ကျစ်လစ်သိပ်သည်းသွားစေပြီး မြေကြီးထဲမှာရှိနေတဲ့ရေတွေကို ညှစ်ထုတ်လိုက်သလိုဖြစ်သွားစေပါတယ်။ ဒီလို မြေကြီးထဲကနေ ရေတွေကိုတွန်းထုတ်လိုက်တဲ့အခါ ရေတွေဟာ အပေါ်ဘက်ကို လျှံတက်လာပြီး မြေသားရဲ့ Bearing capacity ခံနိုင်ရည်အားကို ပျောက်ဆုံးသွားစေပါတယ်။ ဒီလို မြေသားပျော်ဝင်မှု soil liquefaction ဖြစ်တဲ့အခါ မြေကြီးဟာ သူထမ်းထားရတဲ့အဆောက်အအုံတွေကို မထမ်းနိုင်တော့ပဲ အဆောက်အအုံတွေကို မြေကြီးထဲ နိမ့်ကျနစ်ဝင်သွားစေနိုင်ပါတယ်။ ဒါ့အပြင် underground structures တွေကိုလဲ မြေပေါ်ကိုတွန်းထုတ်လိုက်သလိုဖြစ်သွားစေနိုင်ပါတယ်။ ပုံ (၇) မှာ Soil Liquefaction ကြောင့် အဆောက်အအုံတွေ ပျက်စီးနေတဲ့ပုံကို တွေ့နိုင်ပါတယ်။
Soil Liquefaction ကြောင့် ဖြစ်ပေါ်နိုင်တဲ့ မြေသားပျက်စီးမှုပုံစံတစ်မျိုးက Lateral Spreading လို့ခေါ်တဲ့ ဘေးတိုက် မြေသားရွေ့လျားမှု ပဲဖြစ်ပါတယ်။ ပြေပြစ်တဲ့ ကုန်းစောင်းရှိတဲ့နေရာမျိုးမှာ soil liquefaction ဖြစ်ပေါ်တဲ့အခါ မြေသားတွေဟာ ရေစီးဆင်းသလို နိမ့်ရာဘက်ကို စီးဆင်းသွားတာဖြစ်ပြီး အဲဒီမြေပေါ်မှာ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေပါ ပါသွားမှာဖြစ်ပါတယ်။ ပုံ (၈) မှာ Liquefaction နဲ့ Lateral spreading ကြောင့် မြေမျက်နှာပြင်နဲ့ လမ်းတွေပျက်စီးနေတာကို တွေ့ရမှာဖြစ်ပါတယ်။
အဆောက်အအုံတွေအနေနဲ့ ငလျင်ကြောင့်ဖြစ်လာတဲ့ ဘယ်လိုမြေသားပျက်စီးမှုနဲ့ ကြုံရနိုင်တယ် ဆိုတာတွေကတော့ အဆောက်အအုံရဲ့တည်နေရာ၊ ဖြစ်နိုင်ခြေရှိတဲ့ ပြတ်ရွေ့ကြောင်းနဲ့နီးကပ်မှု၊ ဒေသရဲ့ ဘူမိအခြေအနေ၊ မြေအမျိုးအစားနဲ့ မြေမျက်နှာသွင်ပြင် အခြေအနေတို့အပေါ်မှာ မူတည်မှာဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
အောင်ဆုမြတ်
18 January 2017
Reference FEMA P749 Earthquake Resistance Design Concepts
0 comments:
Post a Comment