Saturday, January 7, 2017

Seismic Design မိတ်ဆက် (အပိုင်း ၂)

Seismic Design မိတ်ဆက် (အပိုင်း ၂)

ကျွန်တော်တို့ Seismic Design လုပ်တော့မယ်ဆိုရင် Structrure မှာ Seismic Load တွေကြောင့် ဖြစ်လာမယ့် ခံဆောင်အား (internal stress) တွေ၊ ပုံ ပျက်ယွင်းမှု (Deformation) တွေနဲ့ အခြား ခံစားရမယ့် အရာတွေကို mathmectical model တည်ဆောက်ပြီး ငလျင်ကြောင့်ဖြစ်ပေါ်လာမယ့် သက်ရောက်မှုတွေကို အဲဒီ Structure အပေါ် ကျရောက်စေပြီး Analysis လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒါကို Seismic Analysis လို့ ခေါ်ပါတယ်။

Seismic Analysis

Seismic analysis ဆိုတာ structural analysis ရဲ့ ဘာသာခွဲ တစ်ခုဖြစ်ပြီး ငလျင်ဖြစ်ပေါ်တဲ့အခါ အဆောက်အအုံမှာ ဖြစ်ပေါ်တဲ့ အခြေအနေတွေနဲ့ အဆောက်အအုံရဲ့ response ကို တွက်ချက်တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးတိုက်တွန်းအား (သို့မဟုတ်) လှုပ်ရှားမှုတွေကြောင့် အဆောက်အအုံ ခံစားရမယ့် အခြေအနေတွေကို ခန့်မှန်း တွက်ချက်တာ ဖြစ်ပါတယ်။

Seismic Analysis တွက်ချက်ရာမှာ အသုံးပြုကြတဲ့ နည်းစနစ်တွေ အနေနဲ့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
Equivalent Lateral Force Analysis
Response Spectrum Analysis
Linear Dynamic Analysis
Non Linear Static Analysis
Non Linear Dynamic Analysis

Equivalent Lateral Force Analysis

ဒီနည်းစနစ်မှာ အဆောက်အအုံပေါ်ကို Equivalent Lateral forces (Static Forces) တွေပေးပြီး ငလျင်လှုပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အချိန်မှာ အဆောက်အအုံမှာ ဖြစ်လာတဲ့ အခြေအနေမျိုး စဉ်းစားတွက်ချက်တာ ဖြစ်ပါတယ်။ ASCE 7 မှာ အကျယ်တ၀င့် ရှင်းပြထားတဲ့ Method ဖြစ်ပြီး ငလျင်လှုပ်တဲ့ အချိန်မှာ ဖြစ်လာနိုင်တဲ့ (ငလျင် လှုပ်ရှားမှုကြောင့် အဆောက်အအုံမှာ ခံစားရနိုင်တဲ့) inertia forces တွေကို Equivalent External Forces တွေအနေနဲ့ ယူဆပြီး အဲဒီ Lateral Forces တွေကို အဆောက်အအုံပေါ်ကို ကျရောက်စေပြီး Static Analysis လုပ်ယူရသောကြောင့် Equivalent Static Analysis လို့ ခေါ်ဆိုရခြင်းဖြစ်ပါတယ်။

ဒီ approach မှာ အဆောက်အအုံဟာ Fundamental mode မှာသာ response ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် Higher mode တွေ ဖြစ်နိုင်တဲ့ အဆောက်အအုံတွေ၊ Irregular shape ရှိတဲ့ အဆောက်အအုံတွေ သို့မဟုတ် Tall buildings တွေအတွက် အသုံးပြုရန် မသင့်လျော်ပါဘူး။

Modal Response Spectrum Analysis

ဒီ နည်းကတော့ အဆောက်အအုံရဲ့ fundamental mode သာမက အခြား natural mode of vibrations တွေကိုပါ ထည့်စဉ်းစား ရပါတယ်။ ဒီနည်းမှာ principal elastic mode of vibration ကို တွက်ချက်ပြီး  mode တစ်ခုစီရဲ့ maximum response ကို ပေါင်းစပ်ပြီး overall maximum response ရအောင် တွက်ချက်တဲ့ နည်းဖြစ်ပါတယ်။ Irregular buildings တွေကို analysis လုပ်လိုပါက Equivalent Lateral Force နည်းကို အသုံးပြုလို့ မရတဲ့အတွက် Modal Response Spectrum Analysis ကို အသုံးပြုရမှာ ဖြစ်ပါတယ်။

Linear Dynamic Analysis (Time History)

Static procedures တွေဟာ higher mode affect တွေ significant မဖြစ်တဲ့ အဆောက်အအုံတွေအတွက်ပဲ သင့်တော်ပါတယ်။ ဥပမာအားဖြင့် နိမ့်တဲ့ ပုံမှန် အဆောက်အအုံတွေ (short regular building) တွေအတွက် သင့်လျော်ပါတယ်။ အဲဒါကြောင့် မြင့်တဲ့ အဆောက်အအုံတွေ၊ torsional irregularity ရှိတဲ့ အဆောက်အအုံတွေ၊ non-orthogonal system တွေဆိုလျင် Dynamic procedure တွေအသုံးပြုဖို့ လိုအပ်ပါတယ်။
Linear Dynamic Procedure မှာ အဆောက်အအုံတွေကို multi-degree-of-freedom system နဲ့ linear elastic stiffness matrix နဲ့ equivalent viscous dumping matrix တွေအသုံးပြုပြီး model လုပ်ယူရပါတယ်။
Seismic input ကိုတော့ modal spectral analysis သို့မဟုတ် time history analysis ကိုအသုံးပြုပြီး model လုပ်ပါတယ်။ ဒါပေမယ့် ဒီ case ၂ ခုလုံးမှာ သက်ဆိုင်ရာ internal forces တွေနဲ့ displacements တွေကို linear analysis ကို အသုံးပြုပြီးတော့ပဲ ရှာဖွေပါတယ်။
Linear dynamic analysis ရဲ့ Linear static analysis ထက် သာတဲ့ အချက်က higher modes တွေကို ထည့်သွင်း စဉ်းစားနိုင်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့်လဲ linear elastic response ကိုပဲ အခြေခံထားတဲ့အတွက် non linear behavior တွေ များလာတာနဲ့အမျှ သူ့ကို အသုံးပြုနိုင်စွမ်းတွေ လျော့နည်းသွားမှာ ဖြစ်ပါတယ်။

Non Linear Static Analysis

ဒီ Approach ကို push over analysis လို့ လူသိများပါတယ်။ Non Linear Static Procedure မှာ equivalent single degree of freedom system ကိုအသုံးပြုပြီး seismic ground motion တွေကို response spectra တွေအနေနဲ့ ဖော်ပြပါတယ်။
ဒီနည်းစနစ်မှာ Push over လို့ အမည်ပေးထားသည်နှင့်အညီ အဆောက်အအုံကို သူ့ရဲ့ အများဆုံးခံနိုင်တဲ့ ပုံပျက်ယွင်းမှု ရသည်အထိ ဘေးကနေ တွန်းပြီး အဆောက်အအုံရဲ့ Behavior ကို လေ့လာတာဖြစ်ပါတယ်။ အဆောက်အအုံတွေကို Gravity Load ပေးထားပြီး ဘေးတိုက်တွန်းအားကို တဖြည်းဖြည်းချင်း structure fail ဖြစ်ပြီး mechanism တွေ ပေါ်တဲ့အထိ ဘေးကနေ တွန်းအားပေးပြီး အဆောက်အအုံမှာ ဖြစ်လာတဲ့ အခြေအနေတွေကို တွက်ချက်မှန်းဆတာ ဖြစ်ပါတယ်။ ဒီနည်းဟာ ငလျင်ဖြစ်ပေါ်တဲ့အခါ အဆောက်အအုံတွေမှာ ဘယ်နေရာတွေမှာ plastic hinges တွေဖြစ်မယ်၊ ဘယ်လို deform ဖြစ်မယ်၊ ဘယ်နေရာမှာ crack တွေ ဘယ်လိုဖြစ်နိုင်တယ်ဆိုတာ မှန်းဆ တဲ့ နေရာမှာ အထောက်အကူပြုပါတယ်။ တကယ်တော့ ဒီနည်းဟာ အဆောက်အအုံရဲ့ performance ကို နားလည်စေနိုင်ဖို့အတွက် approximate tool တစ်ခုပဲ ဖြစ်ပါတယ်။

Non Linear Dynamic Analysis

ဒီနည်းကို Nonlinear Time-history analysis လို့လဲ ခေါ်ပါတယ်။

Nonlinear time-history analysis ကို အလွန်ပြင်းထန်တဲ့ ငလျင်တွေ ဖြစ်ပေါ်တဲ့အခါမှာ အဆောက်အအုံတွေမှာ ဖြစ်ပေါ်နိုင်တဲ့ Response of structures တွေကို ခန့်မှန်းတွက်ချက်ရာမှာ အတိကျဆုံး နည်းစနစ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံကြပါတယ်။
ဒါ့အပြင် Nonlinear Dynamic Analysis တွေမှာ ground motion records တွေနဲ့ detail structural model တွေကို အသုံးပြုတဲ့အတွက် result ထုတ်တဲ့အခါ အခြားနည်းစနစ်တွေနဲ့စာလျင် ပိုမိုတိကျတဲ့ အချက်အလက်တွေ ရရှိမှာ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။
Aung Hsu Myat
05 May 2016

အပိုင်း (၁) ကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်..
https://www.facebook.com/aunghsu.myat/posts/10201803449163234?pnref=story


0 comments:

Post a Comment

Disqus Shortname

Comments system