အရည်အသွေး သတ်မှတ်ချက် (သို့) Specifications
...... အကြမ်းရေးလက်စ
နိုင်ငံတကာ ဆောက်လုပ်ရေး ပရောဂျက် တွေ မှာ ဒီဇိုင်းလုပ်ရင် ဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာ ဖြစ်ဖြစ် Follow Spec ဒါမှမဟုတ် Check Spec ဆိုတဲ့ စကားလုံး ကို မကြာခန ကြားရပါလိမ့်မယ်။ ဒီစာစု မှာ။
Spec ဆိုတာ ဘာလဲ။
Spec ကို ဘယ်လို ရေးသားကြသလဲ။
မာစတာ Spec ဆိုတာ ဘာလဲ။
Client's Specs
Public Works Specs
Industrial Project Specs / Piping Material Specs
စတာ တွေ ကို မိတ်ဆက် ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
ပရောဂျက် တစ်ခု ရဲ့ ရလာမဲ့ ရလဒ် ကောင်း Quality ကို ထိန်းနိုင်ဘို့၊ ပစ္စည်းမှန် သုံးဘို့၊ လက်ရာမှန်ဘို့ (သို့) စနစ်တကျ တပ်ဆင်စေဘို့ အတွက် Specifications တွေ က အရေးပါပါတယ်။ အင်ဂျင်နီယာ (ဒီဇိုင်း အင်ဂျင်နီယာ) တစ်ယောက် ရဲ့ အဓိက တာဝန် မှာ လည်း Specifications တွေ ကို ရေသားရတာ က တစ်ခု အပါအဝင် ဖြစ်ပါတယ်။
ဆောက်လုပ်ရေး ကန်ထရိုက် ( Construction Contract) တစ်ခု ရဲ့ Scope of Work လို့ခေါ်တဲ့ ပါဝင်တဲ့ အလုပ်တွေ နဲ့ ဘောင် တွေ ကို ရေရေရာရာ သတ်မှတ် ကန့်သတ် ပေးနိုင်ဘို့ ရာ အပိုင်း နှစ်ပိုင်း လိုအပ်ပါတယ်။
Specifications : စပက် (ဝါ) စာဖြင့် ရေးသားထားသော အရည်အသွေး အဆင့်အတန်း သတ်မှတ်ချက်များ
Drawings ( ရေးဆွဲထားသော ဒီဇိုင်းပုံများ plans ( or) blueprints ဟုလည်း ခေါ်ဆိုလေ့ ရှိပါတယ်။)
Drawings နဲ့ Spec က တစ်ခု နဲ့ တစ်ခု အပြန်အလှန် အမှီသဟဲလည်း ပြု၊ အထောက်အပံ့ လည်း ပေးပါတယ်။ တရုတ် ယင်-ယန် စက်ဝိုင်း လိုပါပဲ။ Drawings နဲ့ ရေးဆွဲ ပြဘို့ မလွယ်တဲ့ အရည်အသွေး တွေ ကို မှာ Spec မှာ ရေးသားလို့ ရသလို မှာ Spec ရေးသားဘို့ မလွယ်တဲ့ အချက်အလက် တွေ ကို Drawings တွေ နဲ့ ရေးဆွဲ ပြရပါတယ်။ တစ်ခါတစ်ရံ Drawings ထဲမှာ ပဲ လိုချင်တဲ့ Spec တွေ မှတ်ချက် အနေ နဲ့ ထည့်သွင်းပြီး ပေးတာလည်း ရှိတတ်ပါတယ်။
အင်ဂျင်နီယာတွေ အနေ နဲ့ Drawings တွေ အတွက် Designers တွေ ကို အတိုင်းအတာ တစ်ခု အထိ မျက်နှာ လွှဲပေးထားလို့ ရကောင်း ရနိုင်ပေမဲ့ Specifications တွေ ကို တော့ ကိုယ်တိုင် ပြင်ဆင်ရလေ့ရှိပါတယ်။ Client လိုအပ်တာ နဲ့ က တတ်နိုင်တာ၊ Quality, Performance & Cost တကယ် ဖြစ်သင့်တာတွေ ကို စဉ်းစားချင့်ချိန်ပြီး ကုဒ်တွေ က အနည်းဆုံး လိုအပ်ချက် ပေါ် ထည့်ပေါင်း ပြီး ပြင်ဆင် ရပါတယ်။ (အထူးသဖြင့် Industrial Projects တွေမှာ ပိုသိသာပါတယ်။) Specifications ဆိုတာ ပြုစုသူ အင်ဂျင်နီယာ ရဲ့ ကျွမ်းကျင်မှု အဆင့် ကို ပြသတဲ့ စာစု လို့ လည်း ဆိုနိုင်ပါတယ်။
ဆောက်လုပ်ရေး သုံး ပစ္စည်းတွေ ရဲ့ အရည်အသွေး Material Quality က အင်မတန် အရေးပါတဲ့ အချက်တစ်ခု ပါ။ ဒီ လိုအပ်ချက် နဲ့ အညီ အရည်အသွေးတွေ ကို ထိန်းနိုင်ဘို့ Building Codes, Standards, Code of Practices တွေ မှာ အနည်းဆုံး လိုအပ်ချက်တွေ ကို ပြဌာန်း ပေးထားလေ့ရှိပါတယ်။ ပရောဂျက် အလိုက်၊ ပိုင်ရှင် နဲ့ ဗိသုကာ၊ အင်ဂျင်နီယာ ပညာရှင် တွေကလည်း ကိုယ် ဒီဇိုင်း အတိုင်း အရည်အသွေး လိုအပ်ချက် တွေ ကို ရစေဘို့ အတွက် Specifications တွေ ရေးသား သတ်မှတ် ကြရ ပြန်ပါတယ်။
Specifications ဆိုတာ ဘာလဲ။
အရည်အသွေး နဲ့ စံနှုန်း လိုအပ်ချက် (သို့) သတ်မှတ်ချက် တွေ ကို ရေးသားထားတဲ့ Documents တွေပါလို့ ဖြေရပါမယ်။ ပရောဂျက် တစ်ခုမှာ Drawings ကလွဲရင် ကျန်တဲ့ စာရွက်စာတမ်း အားလုံးနည်းပါး ကို သိမ်းကြုံးခေါ်တယ် လို့ လဲ ဆိုချင် ဆိုနိုင်ပါတယ်။
Invitation to Bid
Instruction to Bidders
General Conditions
Supplementary Conditions
Bid Proposal Form
Bid Bond Form
Contract Bond Form
List of Prevailing Wages
Technical Specifications
Specification ဆိုတာ ကို ဒီလို အထွေထွေ ကို ရေးသားမှာ မဟုတ်ပဲ ပရောဂျက် အရည်အသွေး ကို ထိန်းဘို့ လိုအပ်တဲ့ အဓိက လိုအပ်တဲ့ Technical Specifications တွေ အကြောင်း ကိုပဲ ဆွေးနွေးတင်ပြပေးသွား မှာ ဖြစ်ပါတယ်။
ဒါကြောင့် နောက်ပိုင်းမှာ Spec လို့ ရေးလိုက်ရင် Technical Specification ကိုသာ ဆိုလို ကြောင်း အင်ယာ လို့ ဆိုရင် လည်း ဒီဇိုင်း အင်ဂျင်နီယာ ( Design Engineer / Consultant ) ကို ဆိုလို ကြောင်း စာဖတ်သူ ကို အသိပေးထား ပါရစေ။
ဥပမာ မြေအောက်ထပ် တစ်ခု ကို ဆောက်လုပ်ဘို့ အတွက် အရွယ်အစား၊ တောင်မြောက်၊ အဝင်လမ်း နဲ့ ဘေးပတ်ဝန်း ကျင် ကို ပြတဲ့ အခါ၊ Drawings တွေ က ဘယ်လို ဆောက်လုပ်ရမယ် ဆိုတာ ကို ပြလို့ ရပေမဲ့ ဘယ်လို အရည်အသွေး ကို ထိန်းရမယ် ဆိုတာ ကို ပြဘို့ အတွက် Spec တွေ ကို သုံးရပါတယ်။ မြေအောက် အစိုဓာတ် ကို ထိန်းချုပ်ဘို့ သုံးတဲ့ ပစ္စည်း တွေ ရဲ့ အရည်အသွေး၊ သုံးမဲ့ ကွန်ကရိ ခံနိုင်ရည် အရည်အသွေး (ဘိလပ်မြေ၊ သဲ၊ ကျောက်၊ ကျောက်စရစ်၊)။ လက်ရာ၊ ဖောင်ဒေးရှင်း၊ မြေအောက်ပိုက်၊ ပိုက်ပစ္စည်း Back filling / Compaction လိုအပ်ချက် တွေ ကို Spec နဲ့ ပြလေ့ရှိပါတယ်။
အခြေခံ အားဖြင့် ကွဲလွဲမှု တွေ ရှိနေရင် Spec က Drawings ထက် အရေးပါတယ်၊ Spec ကို ဦးစားပေးရမယ် လို့ ဆိုပေမဲ့ အချို့နေရာတွေ မှာ ပိုပြီး Stringent ဖြစ်တဲ့ အရာ (သို့) အရည်အသွေး ပိုမို ကောင်းမွန်တဲ့ ဘက် ကို လိုက်နာရမယ် လို့ သတ်မှတ်တာမျိုးလည်း ရှိတတ်ပါတယ်။ တစ်ခါတစ်ရံ မှာ တော့ အာခီတက်ခ် (သို့) အင်ယာ က ရှင်းပေးရမယ် လို့ သတ်မှတ် တာမျိုးလည်း ရှိပါတယ်။
Technical Specifications တွေ အကြောင်း ကို ဆက်ပါမယ်။
Technical Specifications: Spec တစ်ခုမှာ ပစ္စည်း နဲ့ လက်ရာ ဆိုပြီး အဓိက နှစ်ပိုင်း ကို ရေးသားပေးရပါတယ်။
Material : သုံးစွဲ မဲ့ ပစ္စည်း တွေ ရဲ့ အမျိုးအစား နဲ့ အရည်အသွေး Type and Quality of Materials, Standards
Execution : တပ်ဆင် ဆောက်လုပ် တဲ့ အခါ လိုအပ်တဲ့ အရည်အသွေး - Quality of Workmanship, Performance Testing, etc.
လိုချင်တဲ့ စံချိန်မီ အရည်အသွေး ရအောင် ဘယ်လို လုပ်ရမယ်၊ ဆန်းစစ် ရမယ်၊ စစ်ဆေးစမ်းသပ်ရမယ်၊ ထိန်းသိမ်းရမယ်။ စတဲ့ အချက်တွေ ကို သတ်မှတ်ထည့်သွင်း ပေးရပါတယ်။
ဒီလို ရေးတဲ့ အခါ သုံးပိုင်းခွဲရေးတဲ့ "the 3-Part Format" ကို သုံးပြီး ရေးလို့ ရပါတယ်။
Part 1: General
Part 2: Products
Part 3: Execution
ရေးတဲ့ အခါ ရေးနည်း ကို လေးမျိုး ခွဲကြည့်လို့ ရပါတယ်။
Descriptive Specs:
ဘယ်လို လုပ်ရမယ် ဆိုတာ ကို တစ်ဆင့်ချင်း အသေးစိတ် သတ်မှတ် ရေးထားတာပါ။
ဥပမာ၊ ကွန်ကရိ ရဲ့ ခံနိုင်ရည် ( concrete strength e.g., 3000 psi) ကို ထည့်သွင်း သတ်မှတ် ခြင်းမရှိပဲ၊ ဘိလပ်မြေ၊ သဲ၊ ကျောက်၊ ရေ ဘယ်အချိုး နဲ့ စပ်၊ ဘယ်လိုမွှေ၊ ဘယ်လို လောင်း လို့ အသေးစိတ် သတ်မှတ်ပေးတဲ့ ပုံစံပါ။
ဒီလို သတ်မှတ်ရင် ရလာမဲ့ ရလဒ် အရည်အသွေး က သတ်မှတ်ပေးတဲ့ ဒီဇိုင်နာ မှာ တာဝန် ရှိပါတယ်။ သတ်မှတ်တဲ့ ပစ္စည်း သုံးတယ်၊ ပြောတဲ့ အတိုင်း လုပ်တယ်၊ ပေါင် ၆၀၀၀ မခံဘဲ ပေါင် ၃၀၀၀ ပဲ ခံနိုင်ရည် ရတယ် ဆိုရင် လည်း ကန်ထရိုက် တာဝန် မဟုတ်၊ ဒီဇိုင်နာ တာဝန် ပဲ ဖြစ်တယ်။
ဒီနည်း ကို နည်းပညာ မမီတဲ့ ဒေသ တွေ မှာ စံ ဆို တာ မသိတဲ့ ကန်ထရိုက်တာ ကို သုံးရမယ် သုံးဘို့ သင့်တော်ပါတယ်။ အများလုပ်နေကျ မဟုတ် ဒီဇိုင်နာ က ပဲ ကျွမ်းကျင် တဲ့ နည်း ပညာ ကို သုံးမယ် ဆိုရင် လည်း ဒီနည်း က ကောင်းမွန်ပါတယ်။
Reference specs
စံချိန် စံညွန်းများကို မှီငြမ်းခြင်း အများလက်ခံ တဲ့ ASTM, ASME, ANSI, BS စတဲ့ စံညွန်းတွေ ကို ညွှန်းတာပါ။
ဥပမာ - Building Code လိုအပ်ချက် တွေ ကို ဖြည့်ဘို့ ဖြစ်တာမို့ Building Codes တွေ နဲ့ ညီရင်တော်ပြီ ဆိုတာ မျိုး က လည်း မှီငြမ်း စပက် အမျိုးအစား ပါ။
ဒီနေရာ မှာ ညွှန်းတဲ့ စံ အနိမ့်ဆုံး လက်ခံနိုင်တဲ့ အရည်အသွေး ဖြစ်နေနိုင်တာ ကို လည်း သတိမူ ရပါမယ်။ အဲဒီ အရည်အသွေး နဲ့ ကိုယ့် ပရောဂျက် သင့်တော်၊ မတော် ဆိုတာ ကို သိဘို့ လိုအပ်ပါတယ်။
Proprietary specs
Manufacturer, Brand, Model တွေ ကို သတ်မှတ် ထားတာပါ။ ဒီတံဆိပ်၊ ဒီမော်ဒယ်၊ ကို ပဲ လက်ခံမယ် ဆိုတဲ့ ပုံစံပါ။
အထူးသဖြင့် လည်ပတ်နေတဲ့ စက်ရုံ တွေ မှာ ဒီအချက် က အသုံးတဲ့ ပါတယ်။
စက်ရုံ က အင်ယာ၊ ပညာရှင် တွေ၊ ကျွမ်းကျင် လုပ်သား တွေ အတွက် သုံးနေကျ
မျိုးတူ တာပဲ သုံးမယ်။ ဒါတွေ က တွေ့ဘူးပြီးသား၊ သိပြီးသား၊ ရင်းနှီးပြီးသား၊ ခေါင်းမစား၊ အလုပ်မရှုတ်ဘူး။ Maintenance လုပ်တဲ့ သူတွေ အတွက် လည်း လွယ်တယ်။ အသစ်တွေ ကို လေ့လာစရာ မလိုဘူး။ Spare Parts တွေ အတွက် လည်း ဇယားမရှုတ်ဘူး။ စသည် ဖြင့်ပေါ့လေ။
ဒီအချက် ကို ပရောဂျက် အသစ်မှာ သုံးတဲ့ အခါ အားနည်း ချက် က အပြိုင်မရှိ တော့ ဈေးဆစ်ဘို့ ခက်တာပါ။ ကန်ထရိုက် တာ မှာ လည်း အခက်အခဲ အချို့ ရှိနိုင်ပါတယ်။ ကိုယ် နဲ့ မရင်းနှီးတဲ့ ကိုယ်စားလှယ် ဆီ က ဝယ်ရတာ တို့ လိုမျိုးပါ။
အကောင်းအဆိုး က တော့ ဘယ်နည်း မှာ မဆို ရှိနေတာပါပဲ။
ဒီနည်းမှာ ရွေးစရာ မရှိ၊ တစ်မျိုးထဲ သတ်မှတ် ရင် Close ( No Substitution) လို့ သတ်မှတ်နိုင်ပြီး အခြားတစ်ခု အစားထိုး နိုင်ဘို့ အခွင့်အရေး ပေးထားရင် တော့ Substitution Allowed လို့ သတ်မှတ်ပေးလို့ ရပါတယ်။
Performance specs
ဘယ်လိုလုပ်ရမယ် ဆိုတာ ပြောတာ မဟုတ်ပဲ ဘယ်လို စွမ်းဆောင်နိုင်ရမယ် ဆိုတာ ကို သတ်မှတ်တာပါ။ ဥပမာ။ ။
Concrete Strength က ဘယ်စံနှုန်း အရ ဘယ်လောက်လိုချင်တယ်။
Air Handling Unit တစ်ခု ဘယ်လောက်အချိန် မှာ ဘယ် Temperature / Humidity ကို ရချင်တယ်။ စသည်ဖြင့်
ဒီလေးမျိုး ကို သင့်တော်သလို သင့်တော်သလို ရောမွှေပြီး ရေးလို့ လည်း ရပါတယ်။
အခု မာစတာ စပက် တွေ အကြောင်း ကို ဆက်ပြီး မိတ်ဆက်ပေးသွားမှာပါ။
MASTER SPEC / STANDARD SPECS
မာစတာ စပက် ဆို တာ က ပစ္စည်း တစ်မျိုးချင်း အတွက် လက်ခံနိုင်တဲ့ အရည်အသွေး၊ သတ်မှတ်ချက် တွေ ကို စုပေါင်း ထည့်သွင်းပြီး ရေးထားတာပါ။
အင်ဂျင်နီယာ ကို ကိုယ့်ပရော ဂျက် အတွက် သင့်တော်တဲ့ အပိုင်း ကို ယူ၊ မသင့်တော်တဲ့ အပိုင်း ကို ဖျက်ပြီး ပြန်ရေးလို့ ရနိုင်ဘို့ အတွက် စနစ်တကျ အစီအစဉ် ချ ကြိုတင် ရေးသားထားတဲ့ စပက်တွေပါ။ မာစတာ စပက် ကို အခြေခံပြီး ပရောဂျက် ပေါ် မူတည်ပြီး ပြန်လည် တည်းဖြတ်ရေးသားလို့ ရပါတယ်။
ယူအက်စ် က Master Spec မှာ အသုံးများတဲ့ ပုံစံ က တော့ The Construction Specifications Institute ( CSI) format ပုံစံပါ။ Master Format လို့ ခေါ်ပါတယ်။ 1948 မှာ စခဲ့တဲ့ CSI က 1963 မှာ CSI-16 ဆိုပြီး အခန်း ဆယ့်ခြောက်ခန်း ခွဲတဲ့ ပုံစံ နဲ့ စခဲ့ရာက 2004 မှာ အခု CSI-50 format ကို ပြောင်းလဲ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
အရင် CSI-16 ပုံစံ ကတော့
Division 01 — General Requirements (အထွေထွေ)
Division 02 — Site Construction (ဆောက်လုပ်ရေး လုပ်ငန်းစဉ်)
Division 03 — Concrete (ကွန်ကရိ)
Division 04 — Masonry (အုတ်နံရံ၊ အုတ်စီ၊)
Division 05 — Metals (သထ္တု)
Division 06 — Wood and Plastics (သစ်သား နဲ့ ပလတ်စတစ်)
Division 07 — Thermal and Moisture Protection (အပူ နဲ့ ရေငွေ့ ကာကွယ်မှု)
Division 08 — Doors and Windows (တံခါး နှင့် ပြူတင်း)
Division 09 — Finishes (အချော ကိုင်ခြင်း၊ အချောသတ် ခြင်း)
Division 10 — Specialties (စပါယ်ရှယ် ပစ္စည်းများ)
Division 11 — Equipment (စက်ပစ္စည်း များ)
Division 12 — Furnishings (ပရိဘောဂ)
Division 13 — Special Construction (စပါယ်ရှယ် ဆောက်လုပ်၊ တတ်ဆင်မှု)
Division 14 — Conveying Systems (သယ်ဆောင်မှု စနစ်၊ ဓါတ်လှေကား၊ စက်လှေကား)
Division 15 — Mechanical
Division 16 — Electrical
ခုလက်ရှိ CSI-50 Format ကိုတော့ အောက်က လင့်ခ် မှာ သွားကြည့်လို့ ရပါတယ်။
http://www.csinet.org/Home-Page-Category/formats/masterformat/MasterFormat-2016-Numbers-Titles.pdf
ဒီ Format ကို အခြေခံ ပြီး မာစတာ စပက်တွေ ကို ထင်ရှားတဲ့ အဖွဲ့အစည်း အချိုက ရေးသားဖြန့် ဝေ ကြပါတယ်။
AIA ( The American Institute of Architects) အသိအမှတ်ပြု Master Spec မှာ ပရောဂျက် အကြီး အသေးနဲ့ သုံးမဲ့ သူရဲ့ လိုအပ်ချက် ကို လိုက်လို့ မာစတာ စပက် အမျိုးမျိုး ကို ရနိုင်ပါတယ်။
http://www.arcomnet.com/masterspec
ဒီအထဲမှာ ရနိုင်တဲ့ မာစတာ စပက် တွေ ရဲ့ ခေါင်းစဉ် တွေ ကို Table of Content အောက်မှာ တွေ့နိုင်ပါတယ်။ ဆောက်လုပ်ရေး မှာ သုံးလေ့ရှိ တဲ့ Archi, Civil, Structural, Mechanical & Electrical ပစ္စည်း အမျိုးအစား အစုံ သာမက ကန်ထရိုက် စာချုပ် အတွက် လိုအပ်တဲ့ သဘောတူညီချက် တွေ၊ ဆောက်လုပ်ရေး လုပ်ငန်းမှာ သုံးတဲ့ Form တွေ ကိုပါတွေ့နိုင်ပါတယ်။ ပြောရမယ် ဆိုရင် အဆောက်အဦ ဆောက်လုပ်ရေး ကန်ထရိုက် တစ်ခု လုံး အတွက် ပြီးပြည့်စုံ တဲ့ Spec လို့ပြောလို့ ရပါတယ်။
"http://arcomnet.com/sites/default/files/pdf/masterspec/toc/MasterSpec%20Consolidated%20TOC.pdf
စက်ရုံ ပရောဂျက် ပိုင်း ကန်ထရိုက် အတွက် က တော့ AIA အစား Engineers Joint Contract Documents Committee ( EJCDC) ကိုမှီငြမ်းတာလည်း ရှိပါတယ်။ EJCDC အပိုင်း ကို နောက်ကြုံတဲ့ အခါ မိတ်ဆက်ပေးပါမယ်။ စကားချပ်…
Format ကတော့ CSI format ပါ။ ပါဝင်တဲ့ စာသားမှာ က အကျဉ်းအကျယ်၊ ပုံစံအမျိုးမျိုး ခွဲပေးတဲ့ သဘော ဖြစ်ပါတယ်။ ဒီလို ပုံစံ အမျိုးအစား ခွဲတာတွေ ကို နမူနာ ကြည့်ချင် MasterSpec Library Comparative Table တွေ ကို အောက်က လင့်ခ် မှာ ပေးထားပါတယ်။
"http://www.arcomnet.com/masterspec/table-contents-and-sample-sections"
ဒီနေရာ မှာ မာစတာ စပက် Text ( Word) files တွေ သာမက ဒီအချက်အလက် တွေ ကို အခြေခံ ပြီး အလွယ်တကူ သုံးလို့ ရမဲ့ Spec Editor တွေ ဖြစ်တဲ့ MasterWorks နဲ့ SpecBuilder တွေ လည်း ရှိပါတယ်။ ဒီလို Editor Program တွေ ကို သုံးရင် အမေးအဖြေ ပေါ်မူတည်ပြီး လိုတဲ့ အပိုင်းကို ခွဲထုတ်ပေးသွား တာမို့ ရေးရတာ ပိုပြီး ရှင်းလင်း လွယ်ကူစေပါတယ်။
ဒီလို ဆိုရင် မာစတာ စပက် ကို သုံးပြီး ပရောဂျက် စပက် ကို လွယ်လွယ်ရေးလို့ ရတယ် လို့ ဆိုနိုင်ပါတယ်။ စနစ် လည်း ကျပါတယ်။ ဒါပေမဲ့ ပြန်လည် တည်းဖြတ် ရေးတဲ့ သူ က လုပ်ငန်း အတွေ့အကြုံ ရှိတဲ့ အင်ဂျင်နီယာ ဖြစ်မှ Project Spec ကောင်းကောင်းရမှာပါ။ ဒီအတိုင်း ကူးချ ရင် အသုံးမကျ ပါဘူး။ မလိုတဲ့ အပိုင်း၊ ဖျက်ရမဲ့ အပိုင်း ကို သိရပါမယ်။ ပြင်ရမဲ့ အပိုင်း ကို လည်း သိရပါမယ်။ ဆက်စပ်ချက် ကို လည်း သိရပါမယ်။ အပိုမပါ ကျစ်ကျစ်လစ်လစ် နဲ့ လိုရင်းရောက်ဘို့ လည်း ဂရုပြုရပါမယ်။ မလိုတဲ့ အပိုင်းတွေ ပါလာရင် ကန်ထရိုက်တာ တင်မက ပတ်သက်ရာ လူအားလုံး ကို တွေဝေ သွားစေနိုင်ပါတယ်။
စာရေးသူ အတွေ့အကြုံ အရ မာစတာ စပက် ကို ဒီ အတိုင်း ကူးချထားတဲ့ စပက်တွေ ကို Review လုပ်ရတာ အင်မတန် စိတ်ပျက်ဘို့ ကောင်းပါတယ်။ ပရောဂျက် နဲ့ မအပ်စပ် တဲ့ အပိုင်းတွေ၊ ပစ္စည်းရွေးတဲ့ အခါ ရှေ့နောက် မညီတာတွေ၊ အမျိုးမျိုးပါ။ နောက်ဆုံး Specification ကို Project Specific ရေးပေးဘို့ ဖိအားပေးရပါတယ်။
လုပ်ငန်း နဲ့ ပရောဂျက် လိုအပ်ချက် တွေ ကို သေချာ နားမလည် ဘဲ ကူးချ မယ်ဆိုရင်တော့ မာစတာ စပက် က အသုံးမဝင်တော့ပါဘူး။
Consultant / Engineering Firms ထပ်ခါထပ်ခါ လုပ်ရတဲ့ လုပ်ငန်းတွေ များလာတဲ့ ပစ္စည်း နဲ့ လက်ရာ လိုအပ်ချက် တွေ ကို အကြိမ်ကြိမ် တည်းဖြတ် ရေးသားရင် ကိုယ်ပိုင် မာစတာ စပက် တွေ ပိုင်ဆိုင်လာကြပါတယ်။ စလုံး က Consultant Firms အတော်များများ မှာ လည်း ကိုယ်ပိုင် မာစတာ စပက် တွေ ရှိလေ့ရှိပါတယ်။
အခု လာမဲ့ အပိုင်း (၄) မှာတော့ ပိုင်ရှင် စပက် တွေ၊ အကြောင်း ကို မိတ်ဆက်ပေးသွားပါမယ်။
Client’s Spec
အချို့ လုပ်ငန်းရှင်တွေ၊ အထူးသဖြင့် Petro-Chemical, Chemical ကုမ္ပဏီ ကြီးတွေ မှာ ကိုယ်ပိုင် Specifications တွေ ရှိလေ့ရှိပါတယ်။
ဒီလို အခြေအနေ မှာ ဒီဇိုင်း အင်ဂျင်နီယာ အနေနဲ့ Client Spec ကို ဦးစားပေး ကြည့်ရပါတယ်။Client Spec ရှိရင် လည်း သေချာ တစ်ကြောင်းချင်း ဖတ်ပြီး ပြင်သင့်တယ် ထင်တာ တွေ ကို Client နဲ့ ညှိပြီး ပြင်ရတာ မျိုးလည်း ရှိပါတယ်။ မပြင်ဘဲ သုံးလို့ ရရင်တော့ အလုပ်ရှုတ် သက်သာပါတယ်။ အချို့ Client တွေ က သူတို့ Spec ကို ပြင်ဘို့ အင်မတန် ဝန်လေးပါတယ်။ Spec Deviation အတွက် အဆင့်ပေါင်းများစွာ ဖြတ်ရပါတယ်။
ဒီစပက်တွေ က သူတို့ရဲ့ လုပ်ငန်း အတွေ့အကြုံ တွေ ကို အခြေခံ ပြီး သူတို့ လိုအပ်ချက် အတိုင်း အထပ်ထပ် မွမ်းမံ တည်းဖြတ်ထားတဲ့ စပက်တွေ ဖြစ်ပါတယ်။ အများအားဖြင့် Confidential Spec တွေ ဖြစ်တာ မို့ လုပ်ဖော်ကိုင်ဖက် ထဲမှာတောင် မဆိုင်သူ လည်း ကြည့်ခွင့် မရှိပါဘူး။
ကန်ထရိုက်တာ ရဲ့ Spec Deviations အကောင်း အဆိုး
ကန်ထရိုက်တာ ဆီက လာမဲ့ Spec Deviations မှာ တော့ ကန်ထရိုက်တာ က စပက်မှာ ဒါလေးကို ဖြေလျော့ပေးရင် တော့ ဈေးလျှော့ပေးမယ်။ ဒါလေးကို လျှော့ပေးရင် အချိန်တိုသွားမယ်။ စသည်ဖြင့် လာနိုင်ပါတယ်။ ကန်ထရိုက်တာ က ပစ္စည်းတွေ ရဲ့ ဈေးကွက် နဲ့ လုပ်ငန်း ကျွမ်းကျင်မှု (စီးပွားရေး အရ အမြတ်ကျန်မှု) မှာ အတွေ့အကြုံ ပိုရင့်တာမျိုး ရှိတတ်ပါတယ်။ သေချာ ဆွေးနွေး ညှိနှိုင်း တတ်ရင် ပိုင်ရှင်၊ အင်ယာ နဲ့ ကန်ထရိုက်တာ အားလုံး အကျိုးရှိနိုင်ပါတယ်။ ဒီနေရာ မှာ အင်ဂျင်နီယာ က ကိုယ့် စပက် ကိုရော ကန်ထရိုက်တာ တင်တဲ့ အဆို ကို သေချာ နားလည်နေဘို့ လိုအပ်ပါတယ်။
ဒါကြောင့် လည်း Spec ရေးတဲ့ အင်ဂျင်နီယာ က လုပ်ငန်းအကြောင်း သေချာ နားလည်ဘို့၊ လိုချင်တဲ့ အရည်အသွေး ကို သိနေဘို့ လိုအပ်ပါတယ်။ မလိုအပ်ပဲ စပက်မြှင့်ထားရင် အင်ယာ၊ ပိုင်ရှင် အထောင်းခံရပါမယ်။ လိုအပ်တဲ့ အရည်အသွေး မရနိုင်ရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက် တွေ က လည်း ကိုယ့်တာဝန် ဖြစ်မှာပါ။ ကုဒ်နဲ့ အနိမ့်ဆုံး စပက်အောက် ရောက်ရင် အင်ယာ မှာ ဥပဒေ အရ တာဝန် ဖြစ်ပါမယ်။ မလည်မဝယ် နဲ့ သူများယောင်တိုင်း ယောင်ရင် ပဲ ဖြစ်စေ၊ နားလည်အောင် မကျိုးစားပဲ ဘုကန့်လန့် လုပ်ရင် ပဲ ဖြစ်စေ၊ အစွန်းနှစ်ဘက် က နေ မရှောင်နိုင်ရင် ရေရှည်မှာ အောင်မြင်ဘို့ မလွယ်ပါဘူး။
အပိုင်း (၅) မှာတော့ အများနဲ့ ဆိုင်တဲ့ Public Works စပက် တွေ၊ အကြောင်း ကို မိတ်ဆက်ပေးသွားပါမယ်။
Public Works Specs:
Public လို့ခေါ်တဲ့ ပရောဂျက် အများစု မှာ Standards Specifications တွေ ရှိပါတယ်။ ပြည်နယ် လမ်း တံတား ဆောက်လုပ်ရေး မှာ လမ်းတံတား နဲ့ ဆိုင်တဲ့ စံတွေ။ စာသင်ကျောင်း၊ ဆေးရုံ၊ တက္ကသိုလ် တွေ မှာ ဆောက်လုပ်ရေး နဲ့ ဆိုင်တဲ့ ကိုယ်ပိုင် Standard Specificaiton / Master Specification တွေ ရှိလေ့ရှိပါတယ်။ သက်ဆိုင်ရာ လမ်းတံတား ဆိုင်ရာ ဌာန တွေ မှာ လည်း ဒီလို Standard Specification တွေ နဲ့ Standard Drawings ရှိလေ့ ရှိပါတယ်။ စကာင်္ပူ က PUB မှာလည်း လက်ခံနိုင်တဲ့ ပိုက်ပစ္စည်း အရည်အသွေး သတ်မှတ်ချက် စပက်တွေ ရှိပါတယ်။ အခြားအစိုးရ ဌာန တွေ မှာ လည်း ဆောက်လုပ်ရေးဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ချက် စပက်တွေ ရှိပါတယ်။ (ကုဒ် ကို ဆိုလိုရင်း မဟုတ်ပါ။ ဌာန တွင်းဆိုင်ရာ ဆောက်လုပ်ရေး Specificaitons များကို ဆိုလိုပါတယ်။) ဒီနေရာ မှာ အမေရိက က စာသင်ကျောင်း တွေ က စပက် ကို အလွန် အရေးထား တဲ့ အကြောင်း ကို သတိမူ စေချင်ပါတယ်။ အမေရိက ဆိုတာ ကလေး တွေကို အင်မတန် ဦးစားပေး၊ အကာအကွယ် ပေးတဲ့ နိုင်ငံပါ။ တက်ခ်ဆက် မှာ ပီအီးစနစ် ဖြစ်လာတာ လည်း စာသင်ကျောင်း မှာ ကလေးတွေ မတော်တဆ သေဆုံးမှု ဖြစ်ရာ က စပါတယ်။ စာသင်ကျောင်း ကို တွေ့ရလူ ဝင်ဆောက်လို့ မရသလို ထင်သလို ဒီဇိုင်း လုပ်လို့ လည်း မရပါဘူး။
စာသင်ကျောင်း ဆောက်လုပ်ရေး ဒီဇိုင်း လမ်းညွှန် နဲ့ မာစတာ စပက် နမူနာ
နမူနာ အနေနဲ့ Los Angeles Unified School District က စာသင်ကျောင်း နဲ့ ဆိုင်တဲ့ ဒီဇိုင်း လမ်းညွှန် နဲ့ မာစတာ စပက် တွေ ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ ဒီကျောင်း ဒီစတြိတ် က စာသင်ကျောင်း နဲ့ ဆိုင်တဲ့ ပရောဂျက် တွေ မှာ ကြီးကြပ်ဘို့ အင်ဂျင်နီယာ ဌာန တွေ လည်း ရှိပါတယ်။
စာသင်ကျောင်း ကျောင်းဒီဇိုင်း လုပ်ဘို့ အတွက် လမ်းညွန် စာအုပ်လည်း သတ်သတ်မှတ်မှတ် ရှိပါတယ်…
စာသင်ကျောင်း ကျောင်းဒီဇိုင်း လမ်းညွန်…
http://www.laschools.org/documents//download/asset_management/school_design_guide/current_version/School_Design_Guide_Oct_12_2016.pdf
စာသင်ကျောင်း ကျောင်း နဲ့ ပတ်သက်တဲ့ စံချိန်စံညွှန်း နဲ့ မာစတာ စပက် တွေ ကို လည်း စနစ်တကျ စီစဉ်ထားပါတယ်။…
ဒီဇိုင်း စံနှုန်း များ - Design Standards & Technical Specifications
http://www.laschools.org/new-site/asset-management/design-standards
မာစတာ စပက်၊ Guide Spec - 2004 CSI MasterFormat (Divisions 01-33, 6 digit section numbers)
http://www.laschools.org/documents/?folder_id=219598873
နာမည်ကြီး တက္ကသိုလ် တော်တော်များများ မှာလည်း ကိုယ်ပိုင် ဆောက်လုပ်ရေး စပက် တွေ ရှိလေ့ရှိပါတယ်။ အထူးသဖြင့် ဓာတ်ခွဲခန်း ( Laboratory) ဆောက်လုပ်ရေး နဲ့ ပတ်သက်ရင် အသေးစိတ် သတ်မှတ်ချက် တွေ ရှိပါတယ်။
စာဖတ်သူ စိတ်ဝင်စားရင် ရှာကြည့်နိုင်ပါတယ်။
စကားမစပ်။ ။ စာသင်ကျောင်း နားမှာ လူကြီးဗီဒီယို ( adult video) ဆိုင် ရှိရင် မိဘတွေ က Public Moral Code အရ ကန့်ကွက်လို့ ရပါတယ်။ အရက်ဆိုင်၊ ဆေးလိပ်ဆိုင်၊ ကွမ်းယာ ဆိုင် တွေ၊ ဂိမ်းဆိုင်တွေ မရှိသင့်ပါဘူး။ ကျောင်းတွေ ရဲ့ လိုအပ်ချက် အရ သုံးတာ က လွဲရင် အနီးအနား မှာ လော်တို့ ဆောင်းဘောက် တို့ ကျယ်လောင်စွာ ဖွင့်တယ် ဆိုရင် ဥပဒေ အရ အင်မတန် ကြီးလေးတဲ့ ပြစ်ဒါဏ်သတ်မှတ်သင့်ပါတယ်။
အပိုင်း (၆) မှာတော့ စက်ရုံ အလုပ်ရုံ ဆောက်လုပ်ရေး နဲ့ ဆိုင်တဲ့ စပက် တွေ၊ အကြောင်း ကို မိတ်ဆက်ပေးသွားပါမယ်။
စက်ရုံ အလုပ်ရုံ ဆောက်လုပ်ရေး နဲ့ ဆိုင်တဲ့ စပက် တွေ၊
ရေနံ၊ ဓာတု စက်ရုံကြီးတွေ ဆောက်လုပ်တဲ့ အခါ သုံးတဲ့ Specificatons တွေ Standards တွေ က အဆောက်အဦ တွေ မှာ သုံးတဲ့ စနစ် တွေ နဲ့ တစ်မျိုးတစ်ဘာသာ လို့ ပြောလို့ ရပါတယ်။ ဒီလိုဝန်းထဲ က အဆောက်အဦ တွေ မှာ အရင်ဖော်ပြခဲ့တဲ့ Building Spec တွေ အပြင် အခြား ပိုမိုရှတ်ထွေးတဲ့ စံတွေ ကို ပါထည့်သွင်း ရေးသားရပါတယ်။
ကန်ထရိုက် စာရွက်စာတမ်းတွေ ဆိုရင် လည်း AIA အစား Engineers Joint Contract Documents Committee ( EJCDC) ကိုမှီငြမ်း လေ့ရှိပါတယ်။
ရေနံ၊ ဓာတု စက်ရုံကြီးတွေ ဆောက်လုပ်တဲ့ အခါ သုံးတဲ့ ပိုက်အမျိုးအစား စပက်တွေ ကို တော့ Piping Material Spec လို့ ခေါ်ပါတယ်။ အမျိုးအစား များပြီး ကျွမ်းကျင် မှု လိုအပ်ပါတယ်။ Piping Material Engineer ဆိုပြီး ဒီအပိုင်း မှာ ကျွမ်းကျင်တဲ့ အင်ဂျင်နီယာ တွေ ရှိပါတယ်။
Process Drawings ( P&IDs) , Piping Iso နဲ့ အခြားလုပ်ငန်း ဆိုင်ရာ Specifications တွေ အတွက် PIP Spec လို့ ခေါ်တဲ့ Process Industry Practices တွေ က ဒီလို ရေနံ၊ ဓာတု စက်ရုံကြီးတွေ မှာ အသုံးများပါတယ်။
Process Industry Practices http://www.pip.org/practices
မှာ သွားရောက် လေ့လာနိုင်ပါတယ်။ အခြားဆက်စပ်တဲ့ Standards Organizations တွေ ကတော့ API, ASME, ASTM, AWS, BS, ISO Standars တွေပါ။ ဒါအပြင် proprietry spec တွေ ကိုယ်ပိုင် Specs တွေ လည်း များပါတယ်။ Client's Spec အများဆုံး တွေ့နိုင်တဲ့ နေရာ လည်း ဖြစ်ပါတယ်။
စာရွက်စာတမ်း လိုအပ်ချက် လည်း များပါတယ်။ Engineer တွေ အတွက် Very Heavy Engineering လို့ ပြောလို့ ရပါတယ်။
ဒီအပိုင်းတွေ ကို တော့ နောက်ပိုင်း မှာ မိတ်ဆက်ပေးနိုင်ဘို့ မျှော်လင့်ပါတယ်။
အကျဉ်းချုပ် ပြောရရင်၊
ဆောက်လုပ်ရေး လုပ်ငန်း တစ်ခု ရဲ့ စာချုပ်၊ ကန်ထရိုက်တာ ရဲ့ လုပ်ပေးရမဲံ တာဝန်၊ ဘောင်၊ ပရောဂျက် တစ်ခု ရဲ့ လိုအပ်ချက် ကို သတ်မှတ်တဲ့ နည်း၊ (သို့) စာရွက်စာတမ်း နှစ်မျိုးပဲ ရှိပါတယ်။ Drawings & Specifications ပါ၊ Technical Specifications ဆိုတာ က တော့ Project Specifications တွေ ထဲ က တစ်မျိုးဖြစ်ပါတယ်။
ဒါကြောင့် ဆောက်လုပ်ရေး လုပ်ငန်းထဲ ကို ဝင်မဲ့ အင်ယာတွေ အနေနဲ့ Technical Specifications တွေ နဲ့ ကျွမ်းဝင်အောင် ဘို့ လိုအပ်ပါတယ်။
ဆောက်လုပ်ရေး မှာ မှ မဟုတ်ပါဘူး။ ဘယ်အင်ဂျင်နီယာ အလုပ်မဆို Drawigns & Specifications တွေ က ပါပါတယ်။ လိုအပ်တဲ့ တွက်ချက်မှု တွေ မှာတောင် Specification ဘောင်က နေ ကင်းလွတ်လို့ မရပါဘူး။
Ko Chaw - ကိုချော at 4:50 PM
0 comments:
Post a Comment