Seismic Design မိတ်ဆက် (အပိုင်း ၃)
ဒီအပိုင်းမှာ Seismic Analysis and Design လုပ်ရာမှာ တွေ့နေကျ ဖြစ်တဲ့ Linear နဲ့ Nonlinear ဆိုတာ ဘာလဲ၊ သူတို့နှစ်ခု ဘာကွာလဲဆိုတာ ရေးသားဖေါ်ပြသွားပါမယ်။ (ဒီအတွက် Reference ကိုတော့ Quora.com အမေးအဖြေ တွေကနေ ရယူရေးသားထားတာ ဖြစ်ပါတယ်။)
Linear Analysis
Linear Analysis ဆိုတာ ဘာလဲ?
Linear analysis ဆိုတာ အဆောက်အအုံတွေမှာရှိတဲ့ material တွေဟာ linear elastic အခြေအနေအတွင်းမှာ ရှိနေတယ်လို့ ယူဆပြီး analysis လုပ်တာဖြစ်ပါတယ်။ ဒီအခြေအနေမှာ Stress နဲ့ strain သို့မဟုတ် load နဲ့ deformation အချိုးကျပြီး principle of superposition ကိုလဲ အသုံးပြုလို့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဥပမာအားဖြင့် Load a ဆိုတဲ့ ပမာဏကြောင့် deflention x ပမာဏ ဖြစ်ပေါ်မယ်ဆိုပါက load 2a ဆိုတဲ့ ပမာဏကြောင့် deflection 2x ပမာဏ ဖြစ်ပေါ်နိုင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ Linear analysis ဟာ ရိုးရှင်းလွယ်ကူပြီး ဒီနည်းကို သုံးတဲ့အခါ force ကိုရှာပြီးအဲဒီ force ကိုခံနိုင်တဲ့ section ရွေးချယ်ရုံပဲ ဖြစ်ပါတယ်။ cracking ကြောင့် ဖြစ်ပေါ်လာတဲ့ effect တွေနဲ့ material strength loss တွေကိုလဲ ထည့်သွင်းစဉ်းစားဖို့ မလိုအပ်ပါဘူး။
(Elementary Structural Analysis တွေမှာ သုံးတဲ့ moment ရှာတာ၊ deflection ရှာတာတို့၊ EI constant တန်ဖိုးနဲ့ analysis လုပ်တာတို့တွေ အားလုံးဟာ Linear Analysis တွေပဲ ဖြစ်ပါတယ်။) အောက်ပါပုံ (၁) မှာ Material သည် Elastic region ထဲမှာရှိရင် linear ဖြစ်မှာဖြစ်ပြီး Plastic Region ထဲမှာရှိရင်တော့ nonlinear ဖြစ်ပါမယ်။
Non Linear Analysis
Non Linear ဆိုတာ ဘာလဲ?
Nonlinear ဆိုတာက အလွယ်ပြောရရင် linear မဖြစ်တော့တာ၊ stress and strain အချိုးမကျတော့တာနဲ့ load နဲ့ deformation အချိုးမကျတော့တဲ့ အခြေအနေတွေကို ပြောတာပဲဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုသော် elastic မဖြစ်တော့တာ၊ Steel and Reinforced Concrete member တွေမှာ Steel တွေ Yield ဖြစ်တာ စတဲ့ အခြေအနေတို့ပဲ ဖြစ်ပါတယ်။ အောက်ပါပုံ (၂) မှာ Frame တစ်ခုရဲ့ Beam တွေမှာ Yield ဖြစ်ပြီး Plastic Hinges တွေ ပေါ်ပြီး nonlinear အခြေအနေရောက်သွားတာကို တွေ့ရပါမယ်။
Nonlinear analysis ဆိုတာက structure မှာ အဲဒီလို nonlinear ဖြစ်သွားတဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားတွက်ချက်ပြီး Analysis လုပ်တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် သာမန်အခြေအနေတွေမှာ အဲဒီလို nonlinear ဖြစ်တာကို ထည့်သွင်းစဉ်းစားစရာ မလိုပေမယ့် ငလျင်ပြင်းထန်စွာ လှုတ်ခတ်ချိန်ကဲ့သို့ အလွန်ပြင်းထန်တဲ့ အားတွေ အဆောက်အအုံပေါ် ကျရောက်တဲ့အချိန်တွေမှာ အဆောက်အအုံရဲ့ behavior နဲ့ Performance တွေကို သိရှိနားလည်စေနိုင်ဖို့ nonlinear analysis တွေ လုပ်ရခြင်းပဲ ဖြစ်ပါတယ်။
Nonlinear ကို ခွဲခြမ်းလေ့လာကြည့်ရင် Material ကြောင့်ဖြစ်တဲ့ nonlinearity နဲ့ Geometric ကြောင့်ဖြစ်တဲ့ nonlinerity အဖြစ် ထပ်ခွဲနိုင်ပါသေးတယ်။
1. Material Nonlinearity
Material တစ်ခုဟာ သူ့ရဲ့ yield strength ကို ကျော်သွားတာနဲ့ Elastic မဖြစ်တော့ပဲ linear အတိုင်း ပြုမူတော့မှာ မဟုတ်ပါဘူး။ အဲဒီအခြေအနေမှာ အောက်ပါ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။
a. Permanent Deformation
Permanent Deformation ဆိုတာ Material ကို load ပေးလိုက်ရင် deformation ဖြစ်သွားပေမယ့် အဲဒီ load ကို ဖယ်လိုက်ရင် မူလအတိုင်း undeform ပြန်မဖြစ်သွားနိုင်တော့ပါဘူး။ ဥပမာအားဖြင့် သံချောင်းတစ်ချောင်းကို အားနဲ့ကွေးလိုက်ပြီး ပြန်လွှတ်လိုက်တဲ့အခါ မူလအတိုင်း ပြန်မဖြောင့်သွားနိုင်တော့တာမျိုး ဖြစ်ပါတယ်။
b. Cracking
Cracking ကတော့ linear design မှာလည်း ဖြစ်ပေါ်ပါတယ်။ linear analysis တွေလုပ်ရာမှာ ကွန်ကရစ်ရဲ့ cracking ကြောင့်ဖြစ်ပေါ်တဲ့ effect ကို လျစ်လျူရှုပေမယ့် လည်း Seismic design လုပ်တဲ့အခါ cracking အတွက် ထည့်တွက်ပြီး stiffness ကို assumed value တစ်ခုနဲ့ လျှော့ယူပါတယ်။ Nonlinear analysis မှာတော့ concrete ရဲ့ cracking ဖြစ်မှုကို သေချာစွာ စောင့်ကြည့် ရမှာဖြစ်ပြီး cracking ဖြစ်လာတာနဲ့အမျှ member ရဲ့ stiffness လဲ လျော့နည်းသွားတာ တွေပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။
c. Beam Rotation
Beam တစ်ချောင်းဟာ သူခံနိုင်တဲ့ moment ထက် ပိုမိုခံရချိန်မှာ အဲဒီ moment ကို ခံနိုင်မှာမဟုတ်တော့ပဲ plastic hinge အနေနဲ့ rotate ဖြစ်သွားပြီး Energy Dissipation တွေဖြစ်သွားမှာဖြစ်ပါတယ်။ ဒါဟာ Matetial Nonlinearity ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး beam အတွက်တော့ သူ့ကို Backbone curve လို့ခေါ်ပါတယ်။
Linear Design တွေမှာတော့ Beams တွေကို သူ့ရဲ့ moment capacity ကိုကျော်လွန်ပြီး မစဉ်းစားကြပါဘူး။
d. Energy dissipation
Linear analysis မှာ Energy Dissipation ကို Strain Energy ပုံစံနဲ့ တွေ့ရမှာဖြစ်ပြီး Nonlinear Analysis မှာတော့ Strain Energy Dissipation အပြင် Inelastic Energy အနေနဲ့ပါ တွေ့ရပါမယ်။
(Nonlinear analysis ကို လေ့လာရာမှာ တကယ်လို့ Member တစ်ခုဟာ သူ့ရဲ့ capacity ခံနိုင်ရည်အား သို့မဟုတ် elastic limit ကိုကျော်လွန်သွားချိန်မှာ အဲဒီ member မှာ strain hardening သို့မဟုတ် crackings တွေ ဖြစ်ပေါ်နိုင်ပြီး သူ့ရဲ့ stiffness တွေလည်း လျော့နည်းသွားတာကို တွေ့ရပါမယ်။ အဲဒါကြောင့် အဆောက်အအုံမှာလဲ သူ့ရဲ့ total stiffness တန်ဖိုးတွေ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် nonlinear analysis လုပ်မယ်ဆိုရင် structure ကို load ပေးပြီး structure အနေနဲ့ nonlinear range ထဲ ရောက်မရောက် စောင့်ကြည့်ရပါမယ်။ nonlinear stage ထဲ ရောက်သွားပြီဆိုရင် material တွေမှာ crack ဘယ်လောက်ပေါ်မယ်ဆိုတာနဲ့ structure အနေနဲ့ ဘယ်လောက်အတိုင်းအတာအထိ softening ဖြစ်သွားတယ်ဆိုတာ တွေ့ရပါမယ်။ တကယ်လို့ stiffness ဆုံးရှုံးမှုလည်း အရမ်းများနေမယ်၊ result သို့မဟုတ် energy balance မဖြစ်ဘူးဆိုရင် လိုအပ်တာတွေ ပြုပြင်ပြောင်းလဲပြီး analysis ကို နောက်တစ်ကြိမ် ထပ်လုပ်ရပါမယ်။ ဒီလိုနဲ့ပဲ လိုအပ်တဲ့ တိကျမှုရတဲ့အထိ ထပ်ကာထပ်ကာ လုပ်သွားပေးရမှာဖြစ်ပါတယ်။
ဒါကြောင့် nonlinear analysis ဟာ အဲဒီလို stiffness ဆုံးရှုံးမှုတွေရှိပြီး iterative လုပ်ရတာကြောင့် linear analysis နဲ့စာရင် လုပ်ရတာ ပိုကြာမှာ ဖြစ်ပါတယ်။)
2. Geometric nonlinearity.
Geometric nonlinearity မှာ အထင်ရှားဆုံးကတော့ D-delta analysis ဖြစ်ပါတယ်။ Force follower approach လို့လဲ ခေါ်ပါတယ်။
P-Delta ကို Geometric nonlinearity လို့ခေါ်ရခြင်းကတော့ Deflection များလာတာနှင့်အမျှ P-delta effect ကြောင့် additional forces တွေဖြစ်ပေါ်လာမှာဖြစ်ပြီး အဲဒီ additional forces တွေကြောင့် ဖြစ်လာမယ့် deformation/deflection တွေကို ထပ်မံတွက်ချက်ဖို့လိုခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
Force follower analysis ဆိုတာကတော့ member တစ်ခုဟာ သူ့ stability ဆုံးရှုံးသွားတာနဲ့ force က အဲဒီ deform ဖြစ်တဲ့ member နောက်ကိုလိုက်ပြီး အဲဒီလိုဖြစ်လာတဲ့ အခြေအနေကြောင့် instalibity က ပိုမိုဆိုးရွားသွားစေနိုင်တဲ့ အခြေအနေမျိုးကို analysis လုပ်တာ ဖြစ်ပါတယ်။
အောက်ပါပုံ (၃) မှာ ပြထားတဲ့အတိုင်း Column တွေဟာ gravity load ကို ထမ်းဆောင်ရမှာဖြစ်ပေမယ့် ငလျင်လှုပ်တဲ့အခါ ဘေးဘက်ကို displace ဖြစ်သွားမှာဖြစ်ပါတယ်။ column ရဲ့ ထိပ်ဖျားဟာ သူ့အောက်ခြေရှိတဲ့နေရာနဲ့ယှဉ်ပြီး ဘေးဘက်ကို ရွှေ့သွားတဲ့ အရွေ့ပမာဏ (x ပမာဏ) ကို inter-story drift လို့ ခေါ်ပါတယ်။ ဒီလို ရွှေ့သွားတဲ့ အတွက်ကြောင့် column မှာ P*x ဆိုတဲ့ axial force ကြောင့်ဖြစ်လာတဲ့ Accidental Moment ဖြစ်ပေါ်နိုင်ပြီး အဲဒီ lateral drift ပမာဏလေးဖြစ်တဲ့ x ကို Delta လို့ ခေါ်ပါတယ်။ Load P နဲ့ drift delta တို့မြှောက်လို့ ဖြစ်ပေါ်လာတဲ့ moment ကို column design တွက်ရာမှာ ထည့်သွင်းစဉ်းစားရတာကြောင့် P delta Analysis လို့ခေါ်ခြင်းပဲ ဖြစ်ပါတယ်။ ပုံ (၄) မှာတော့ P-Delta effect ၀င်လို့ ပြိုကျသွားတဲ့ အဆောက်အအုံတစ်လုံးကို မြင်တွေ့နိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
အောင်ဆုမြတ်
12 May 2016
အပိုင်း ၂ ကို ဒီလင့်မှာ ရှာကြည့်နိုင်ပါတယ်။
https://www.facebook.com/aunghsu.myat/posts/10201804396626920?pnref=story
အပိုင်း ၁ ကို ဒီလင့်မှာ ရှာကြည့်နိုင်ပါတယ်။
https://www.facebook.com/aunghsu.myat/posts/10201803449163234
0 comments:
Post a Comment