Sunday, January 8, 2017

Seismic Design မိတ်ဆက် (အပိုင်း ၆)

Seismic Design မိတ်ဆက် (အပိုင်း ၆)

Seismic Response Modification Number R

Building Code တွေမှာ ပြဌာန်းထားတဲ့ Equivalent Lateral force ကိုအသုံးပြုပြီး အဆောက်အအုံတွေကို seismic analysis and design လုပ်ရာမှာ အဆောက်အအုံအပေါ် သက်ရောက်စေမယ့် lateral seismic load (တနည်းအားဖြင့်ဆိုသော် Base Shear ပမာဏ) ကို တွက်ချက်ရာမှာ factor များစွာကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အဲဒီ factor တွေကတော့ ကိုယ်ဆောက်မယ့် အဆောက်အအုံ ဧရိယာမှာရှိတဲ့ ငလျင်ပြင်းအားပမာဏ (Mapped Acceleration Parameter လို့ ခေါ်ကြတဲ့ Ss and S1)ရယ်၊ ဆိုဒ်မှာရှိတဲ့ မြေသားကြောင့် ဖြစ်လာတဲ့ ငလျင်ပြင်းအားပြောင်းလဲခြင်း (Site coefficient)ရယ်၊ အဆောက်အအုံကို ဘယ်အတွက်သုံးမလဲဆိုတဲ့ (importance factor) ရယ် အပြင် building structure ရဲ့ အမျိုးအစား R factor သို့မဟုတ် (Response Modification Factor) တို့ကို ထည့်သွင်းစဉ်းစား တွက်ချက်ရပါတယ်။

Seismic design lateral load (Base Shear) ကို ဘယ်လို တွက်မလဲ?

Seismic Design Lateral Load (Base Shear) ကို တွက်ချက်ရာမှာ ပညာရှင်တွေဟာ အထက်ပါ Factors တွေကို Equation တစ်ခုအတွင်း ထည့်သွင်းပြီး အောက်ပါအတိုင်း ရိုးရှင်းတဲ့  တွက်ချက်နည်းကို ဖေါ်ထုတ်ထားပါတယ်။

Design lateral load = ( Sds * I / R ) * weight of building

ဒီလို ရိုးရှင်းတဲ့ equation တစ်ခုရဖို့ အင်ဂျင်နီယာတွေနဲ့ ငလျင်ပညာရှင်တွေဟာ ကမ္ဘာ အရပ်ရပ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ငလျင်တွေက ရရှိတဲ့ အချက်အလက်တွေ၊ ငလျင်ဗဟိုချက် အနီးအနားက မြေသားတွေရဲ့ သက်ရောက်မှုတွေ၊ ကွဲပြားခြားနားတဲ့ အဆောက်အအုံတွေရဲ့ response တွေက အချက်အလက် တွေ ရယူစုဆောင်းပြီး ကြိုးစားလုပ်ကိုင်ခဲ့ကြရတာဖြစ်ပါတယ်။

အဲဒီ Factors တွေထဲက R Factor ဆိုတာ ဘာလဲ?

R Factor ဆိုတာ အဆောက်အအုံရဲ့ ညွှတ်ပြောင်းမှုနဲ့ သက်ဆိုင်တဲ့ Factor ဖြစ်ပါတယ်။

ငလျင်ပြင်းထန်စွာ လှုပ်တဲ့အချိန်မှာ အဆောက်အအုံတွေမှာ ပြင်းထန်တဲ့အားတွေ သက်ရောက်လာမှာ ဖြစ်ပါတယ်။ အဆောက်အအုံတွေကို Design လုပ်ရာမှာ အဲဒီ သက်ရောက်လာတဲ့ အားပမာဏကို ခံနိုင်အောင် Design လုပ်ဖို့ Economic မဖြစ်ပါဘူး။ အဲဒါအပြင် အဲဒီ ပြင်းထန်စွာ သက်ရောက်တဲ့အားဟာ အချိန်အတိုင်းအတာ ပမာဏ အနည်းငယ်လေး အတွင်းမှာပဲ ကျရောက်မှာဖြစ်တဲ့အတွက် အဆောက်အအုံသည်သာ လိုအပ်တဲ့ ညွှတ်ပြောင်းမှု ပမာဏ ရှိပါက အဆောက်အအုံ မပြိုကျပဲ ငလျင်ဒါဏ်ကို ခံနိုင်ရည်ရှိမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အဆောက်အအုံရဲ့ Elastic strength ကို ငလျင်ဖြစ်လာတဲ့အချိန်မှာ အများဆုံး ဖြစ်လာနိုင်တဲ့ အားနဲ့ မတွက်ပဲ လျှော့ပြီး တွက်ချက်ရန်အတွက် R လို့ခေါ်တဲ့ Factor တစ်ခုကို အသုံးပြုပါတယ်။

(အဆောက်အအုံရဲ့ strength ကို လျှော့ပြီး တွက်မယ်ဆိုရင် အဆောက်အအုံမှာ လုံလောက်တဲ့ ညွှတ်ပြောင်းမှုရှိအောင်၊ အဲဒီ ပြင်းထန်တဲ့ ငလျင်ကြောင့် ဖြစ်လာတဲ့ အားတွေ ခံရတဲ့အခါ မပြိုကျအောင် အထူးအစီအမံတွေ လုပ်ပေးဖို့ လိုအပ်ပါတယ်)

ဒီနေရာမှာ R factor ဆိုတာက Response Modification factor ဖြစ်ပြီး အဆောက်အအုံရဲ့ ညွှတ်ပြောင်းမှု (ductility) နဲ့ သက်ဆိုင်တဲ့ Factor တစ်ခုဖြစ်ပါတယ်။ အဲဒီ R factor အပေါ် မူတည်ပြီး lateral load ကို adjust လုပ်ရတာဖြစ်ပါတယ်။ (R Factor ဟာ Base Shear Equation ရဲ့ ပိုင်းခြေမှာ ရှိနေတာကြောင့် R factor များလာတာနဲ့အမျှ Base Shear တန်ဖိုး နည်းသွားမှာဖြစ်ပါတယ်)

ငလျင်ဖြစ်ပေါ်တဲ့အချိန်မှာ တိုင်းတာရေး ကရိယာများ တပ်ဆင်ထားတဲ့ အဆောက်အအုံတွေကို လေ့လာကြည့်ခြင်းအရ flexible moment frame ကဲ့သို့ ညွှတ်ပြောင်းတဲ့ (ductile) အဆောက်အအုံတွေဟာ masonry shear wall building တွေကဲ့သို့ rigid ဖြစ်တဲ့ အဆောက်အအုံတွေထက် ငလျင်ဒါဏ် ပိုမိုခံနိုင်ရည်ရှိတာ တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ငလျင်လှုပ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ energy တွေကို အဲဒီလို flexible ဖြစ်တဲ့ system တွေက ဖြေဖျောက် dissipated လုပ်ပေးနိုင်လိုပဲ ဖြစ်ပါတယ်။

R တန်ဖိုးပမာဏ

ASCE-7 10 မှာ အဆောက်အအုံတွေရဲ့ structural system ၈၄ မျိုးအတွက် R တန်ဖိုးတွေကို ဖော်ပြထားပါတယ်။ အဲဒီမှာ R တန်ဖိုးတွေက အနည်းဆုံး 1.5 (unreinforced concrete and masonry shear wall တွေအတွက်) ကနေ သေချာ detail လုပ်ထားတဲ့ shear wall, braced frame, moment frame building တွေအတွက် 8 အထိ ပေးထားတာ တွေ့ရပါတယ်။
ဒီနေရာမှာ မှတ်ရမှာက R တန်ဖိုးများရင် အဆောက်အအုံမှာ ductile behaviour ရဖို့အတွက် code တွေထဲမှာ သတ်မှတ်ထားတဲ့အတိုင်း proper detailing တွေ လုပ်ပေးရမှာဖြစ်ပါတယ်။ Code တွေမှာ ductile behaviour ရဖို့ lateral force resisting system တွေမှာ ပါဝင်တဲ့ structural members တွေကို လိုအပ်တဲ့ ductility မရောက်မခြင်း member တွေ fail မဖြစ်စေဖို့ specific detailing requirements တွေ သတ်မှတ်ပေးထားပါတယ်။ ဒါပေမယ့် အဲဒီ additional detailing တွေကြောင့် ကုန်ကျစရိတ် ပိုမိုစေမှာ ဖြစ်ပါတယ်။

ဒီတော့ R တန်ဖိုးများရင် Lateral design load နည်းမယ် ဒါပေမယ့် detailing အတွက် ကုန်ကျစရိတ်များလာပါမယ်။ အခြားတစ်ဘက်မှာ R တန်ဖိုးနည်းရင် Lateral design load များမယ်။ (Member တွေ ဆိုဒ်ကြီးကြီးလိုမယ်) ဒါပေမယ့် detailing လုပ်ရာမှာ အထူး သတ်မှတ်ချက်တွေကို လိုက်နာဖို့ မလိုတဲ့အတွက် ကုန်ကျစရိတ် နည်းမှာ ဖြစ်ပါတယ်။

(ဥပမာအားဖြင့် တူညီတဲ့ ပုံစံရှိတဲ့ Masonry Shear Wall System အဆောက်အအုံတစ်ခုရယ်၊ Ordinary Reinforced Concrete Moment Frame တစ်ခုရယ်၊ Special Reinforced Concrete Moment Frame တစ်ခုရယ်ကို Design လုပ်မယ်ဆိုရင် R တန်ဖိုးတွေက Masonry အတွက် 1.5, Ordinary Moment Frame အတွက် 3.0 နဲ့ Special Moment Frame က 8.0 ဖြစ်တဲ့အတွက် Design Lateral force တန်ဖိုးတွေမှာ တကယ်လို့ Masonry Shear wall system ကို 1000 Ton နဲ့ Design လုပ်ရမယ် ဆိုပါက  Ordinary Moment Frame အတွက်တော့ 500 Ton နဲ့သာ Design လုပ်ဖို့ လိုပါမယ်။ Special Moment frame သုံးရင်တော့ 187.5 Ton အတွက်ပဲ Design လုပ်ရမှာ ဖြစ်ပါတယ်။)

ဒါ့အပြင် wind load များတဲ့ဒေသ (ဥပမာ Wind Load 120mph ရှိတဲ့ နေရာမျိုး) မှာ အလေးချိန်ပေါ့ပါးတဲ့ steel structure building တစ်ခုကို design လုပ်မယ်ဆိုရင် wind load ကြောင့်ဖြစ်လာတဲ့ lateral load ဟာ အတော်ကို များတာ တွေ့ရပါမယ်။ အဲဒီအခါမျိုးမှာ R value ကို နည်းနည်းပဲ သုံးပြီး seismic load က controlling မဖြစ်ဘူးဆိုလျင် seismic detailing ကုန်ကျစရိတ်တွေ လျှော့ချ နိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ seismic load က control မဖြစ်ဘဲ R ကို ကြီးကြီးသုံးမယ်ဆိုရင် additional detailing requirements တွေကြောင့် economy မဖြစ်တော့ဘဲ ငွေကြေးလေလွင့် ဆုံးရှုံးမှုတွေ ဖြစ်နိုင်ပါတယ်။

အခြားတစ်ဘက်မှာ seismic load များပြီး wind load နည်းတဲ့ နေရာတွေမှာ concrete building ကဲ့သို့ လေးလံတဲ့ အဆောက်အအုံတွေ ဆောက်မယ်ဆိုရင် seismic load တွေက control ဖြစ်နိုင်ပြီး အဲဒီအခါမျိုးမှာ သင့်တင့်တဲ့ R ပမာဏတန်ဖိုးကို သုံးခြင်းဖြင့် earthquake load level ကို wind load level အထိရောက်အောင် လျော့ချပေးနိုင်မယ်ဆိုရင် additional detailing ကုန်ကျစရိတ်တွေကလွဲလို့ economical ဖြစ်တဲ့ design ကို ရရှိမှာ ဖြစ်ပါတယ်။
တနည်းအားဖြင့်ဆိုသော် အဆောက်အအုံတွေဟာ Wind Load ကိုခံနိုင်ဖို့ တောင့်တင်းဖို့လိုပြီးတော့ Seismic Load ကို ခံနိုင်ဖို့ ပျော့ပြောင်းဖို့လိုပါတယ်။ အဲဒီ လိုအပ်တဲ့ ပျော့ပြောင်းမှုနဲ့ တောင့်တင်းမှုကြား R factor ကိုသုံးပြီး adjust လုပ်ပေးခြင်းဖြင့် Economic ဖြစ်ပြီး သင့်တော်တဲ့ Design ကိုရရှိမှာ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။
Aung Hsu Myat.
19 June 2016

အပိုင်း ၅
https://www.facebook.com/aunghsu.myat/posts/10201834009687228

အပိုင်း ၎
https://www.facebook.com/photo.php?fbid=10201826412137294&set=a.4656348862016.1073741829.1692182139&type=3&theater

အပိုင်း ၃
https://www.facebook.com/aunghsu.myat/posts/10201817974246352

အပိုင်း ၂
https://www.facebook.com/aunghsu.myat/posts/10201804396626920?pnref=story

အပိုင်း ၁
https://www.facebook.com/aunghsu.myat/posts/10201803449163234



0 comments:

Post a Comment

Disqus Shortname

Comments system